ဇင်လင်းမြင့်

 

မီးဖိုချောင် မှထွက်တဲ့ အမှိုက်တွေကို ပလတ်စတစ်အိတ်နဲ့ထည့်ပြီး အိမ်ရှေ့ရောက်ရှိနေတဲ့ အမှိုက်တွန်းလှည်းပေါ် တင်ပေးလိုက်ပါတယ်။ အမှိုက်ထုပ်မျိုးစုံပြည့်နေတဲ့ တွန်းလှည်းကို သန့်ရှင်းရေးလုပ်သားက အားစိုက်ပြီး ခပ်ဖြည်းဖြည်းတွန်းသွားတာကို ရပ်ကြည့်နေမိပါတယ်။ ရပ်ကွက်လမ်းတစ်လမ်းကထွက်တဲ့ အိမ်သုံးအမှိုက်တွေတောင် ဒီလောက်များနေရင် ရန်ကုန် တစ်မြို့လုံးက အမှိုက်တွေဆိုရင် တောင်လိုပုံနေတော့မှာလို့ တွေးမိပြန်ပါတယ်။ ဒီအမှိုက်တွေကို အကျိုးရှိအောင် စီမံဆောင်ရွက်ပြီး သဘာဝဓာတ်ငွေ့ ထုတ်ယူတာတွေ ပြုလုပ်ဖို့ စီစဉ်နေတဲ့ သတင်းတွေလည်း ကြားသိနေရပြန်ပါတယ်။ အခုဆိုရင် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာရှိတဲ့ ထိန်ပင်အမှိုက်ပုံက အမှိုက်တွေကို သဘာဝဓာတ်ငွေ့ထုတ်ယူဖို့ စီစဉ်နေတာဟာ မကြာခင် အကောင်အထည်ဖော်ဖို့ရှိနေပြီလို့ ဆိုပါတယ်။

 

စတင်နိုင်ဖို့စီစဉ်နေ

 

ရန်ကုန်မြို့မှာ ထိန်ပင်အမှိုက်ပုံ၊ ထားဝယ် ချောင်အမှိုက်ပုံ၊ ဒလစွန့်ပစ်အမှိုက်ပုံနဲ့ ဆိပ်ကြီး ခနောင်တိုစွန့်ပစ်အမှိုက်ပုံစတာတွေ ရှိနေပါ တယ်။ ရန်ကုန်မြို့မှာထွက်ရှိတဲ့ တစ်နေ့စွန့်ပစ် အမှိုက်တန်ချိန်ဟာ ၂၅၀၀ ခန့်ရှိနေတာမို့ အဲဒီအမှိုက်တွေထဲကမှ တစ်နေ့ကို အမှိုက်တန်ချိန် ၁၀၀၀ ခန့် အသုံးပြုပြီး သဘာဝဓာတ်ငွေ့ (CNG) ထုတ်လုပ်နိုင်ရေး စတင်နိုင်ဖို့စီစဉ်နေ တာဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ဆိုပါတယ်။

 

ရန်ကုန်မြို့အမှိုက်ပုံတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ ထိန်ပင်အမှိုက်ပုံဟာ အမှိုက်တွေစုပုံ ဖို့အတွက် ဧရိယာအကျယ်အဝန်း ၂၄၂ ဧက ခန့်ရှိပါတယ်။ ထိန်ပင်အမှိုက်ပုံနေရာကို လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်ခန့်က စတင်ပြီး ရန်ကုန်မြို့က နေ့စဉ်ထွက်ရှိတဲ့ အမှိုက်တွေကို အမှိုက် သိမ်းယာဉ်တွေနဲ့ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက တာဝန်ယူသယ်ယူ ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။

 

ဒီလို နေ့စဉ်စွန့်ပစ်အမှိုက်တွေ စုပုံနေတာမို့ ထိန်ပင်အမှိုက်ပုံမှာ မြေဧရိယာအလွတ် တဖြည်းဖြည်းနဲ့ လျော့နည်းလာတဲ့အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ၊ အနီး ပတ်ဝန်းကျင်မှာရှိတဲ့ လေထု၊ ရေထုနဲ့ မြေထု တွေကို ညစ်ညမ်းမှုဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် အနံ့၊ အသက်ဆိုးရွားမှု၊ ခြင်၊ ယင်နဲ့ အင်းဆက်ပိုးမွှားတွေ ပေါက်ပွားနိုင်တာမို့ ဒါတွေကို လျော့နည်းစေတဲ့အပြင် အကျိုးရှိစေတဲ့ အခုလို အမှိုက်မှ စွမ်းအင်ထုတ်လုပ်နိုင် တဲ့ စက်ရုံတည်ဆောက်ဖို့ စီစဉ်ဆောင်ရွက်တာ ဖြစ်ပါတယ်။

 

ပိုလန်နည်းပညာ အသုံးပြု

 

ထိန်ပင်အမှိုက်ပုံကနေပြီး သဘာဝဓာတ်ငွေ့ထုတ်လုပ်ဖို့ စက်ရုံတည်ဆောက်ရေး စီမံကိန်းအတွက် ချေးငွေရယူရေးကိုလည်း ပြည်ထောင်စုလွှတ်တော်ကနေပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၁ ရက်က အတည်ပြုပေးထား ပြီးဖြစ်ပါတယ်။ ဒီစက်ရုံကို ပိုလန်နည်းပညာ အသုံးပြုပြီး တည်ဆောက်ရေးလုပ်ငန်းတွေ အမြန်ဆုံးအကောင်အထည်ဖော်သွားဖို့ ရှိနေပါတယ်။ ဒီလိုစက်ရုံ တည်ဆောက်ဖို့အတွက်လည်း ပိုလန်နိုင်ငံမှ ချေးငွေယူရိုသန်း ၅၀ ရယူပြီး ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒီစက်ရုံကို ၂၀၂၀ ပြည့်နှစ်အတွင်း စတင်အကောင်အထည်ဖော် တည်ဆောက်သွားမှာဖြစ်ပြီး သဘာဝဓာတ်ငွေ့အပါအဝင် စွမ်းအား ပြည့်လောင်စာ၊ ဓာတ်မြေဩဇာစတာတွေ လည်း ထုတ်လုပ်ဖို့ အစီအစဉ်ရှိနေပါတယ်။ ဘေးထွက်စွန့်ပစ်အမှိုက်တွေကနေပြီး နည်းပညာ အသုံးပြုကာ အခုလို သဘာဝဓာတ်ငွေ့ ထုတ်လုပ်တဲ့ စီမံကိန်းကြောင့် အရင်လို အမှိုက်ပုံ မီးလောင်ကျွမ်းမှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ အနည်းဆုံးဖြစ်သွားမှာ သေချာပါတယ်။

 

တဖြည်းဖြည်းကြီးထွားလာ

 

ရန်ကုန်မြို့ရဲ့ ထွက်ရှိတဲ့ နေ့စဉ်အမှိုက်တွေကို စည်ပင်သာယာရေးပိုင်ယာဉ်တွေနဲ့ သယ်ယူပို့ဆောင်တဲ့အခါ ထိန်ပင်အမှိုက်ပုံမှာ နေ့စဉ်အမှိုက်တန်ချိန် ၁၃၅၀ ခန့်၊ ထားဝယ် ချောင်အမှိုက်ပုံမှာ နေ့စဉ်တန် ၁၁၀၀ ခန့်၊ ဒလစွန့်ပစ် အမှိုက်ပုံမှာ တစ်ရက် ၂၅ တန်ခန့်နဲ့ ဆိပ်ကြီးခနောင်တို စွန့်ပစ်အမှိုက်ပုံမှာ တစ်နေ့ရှစ်တန်ခန့်တို့ စုပုံနေတာ ဖြစ်ပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ ဒီအမှိုက်ပုံတွေဟာ တဖြည်းဖြည်းကြီးထွားလာပြီး အမှိုက်ပုံ စရာ နေရာအခက်အခဲတွေလည်း ရှိလာနေပါတယ်။

 

တိုက်ရိုက်ရောင်းချနိုင်ဖို့ ညှိနှိုင်းထား

 

ဒီလိုအခြေအနေတွေကြောင့် နိုင်ငံတကာမှာ လက်တွေ့ဆောင်ရွက်နေတဲ့ နည်းပညာတွေ၊ အတွေ့အကြုံတွေနဲ့ အခုလို ထိန်ပင်အမှိုက်ပုံက သဘာဝဓာတ်ငွေ့ ထုတ်ယူဖို့ စီစဉ်တာ ဖြစ်ပါတယ်။ ဒီစက်ရုံပြီးစီးသွားရင် ရန်ကုန် တိုင်းဒေသကြီးအတွင်းက သဘာဝဓာတ်ငွေ့ (CNG) သုံးယာဉ်တွေကို သဘာဝဓာတ်ငွေ့ တန်ချိန် ၃၀ ကို တိုက်ရိုက်ရောင်းချသွားဖို့လည်း အစီအစဉ်ရှိပါတယ်။ ဒါ့အပြင် စက်ရုံ၊ အလုပ်ရုံအချို့ကိုလည်း သဘာဝဓာတ်ငွေ့ တိုက်ရိုက်ရောင်းချနိုင်ဖို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနဲ့လည်း ညှိနှိုင်းထားတယ်လို့ ဆိုပါတယ်။

 

ဒီနေ့ခေတ် မော်တော်ယာဉ် အသုံးပြုသူ အများစုဟာ ဈေးနှုန်းသက်သာတဲ့ သဘာဝဓာတ်ငွေ့အသုံးပြုမှုကို နှစ်သက်လာတဲ့အတွက် အခုလို သဘာဝဓာတ်ငွေ့ တိုက်ရိုက်ရောင်းချမှု ကို စိတ်ဝင်စားပြီး အားပေးကြမှာ ဖြစ်ပါတယ်။ ဒီစက်ရုံကနေပြီး အခုလို သဘာဝဓာတ်ငွေ့ ရောင်းချမှုရော အခြားရောင်းချမှုတွေဟာ တစ်နှစ်ကို စုစုပေါင်း ယူရို ၉ သိန်းကျော် ရှိနိုင်တယ်လို့လည်း မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။

 

စွန့်ပစ်အမှိုက်တွေကနေပြီး အခုလို နေ့စဉ်သွားလာမှုမှာ မရှိမဖြစ်အသုံးဝင်လာနေတဲ့ သဘာဝဓာတ်ငွေ့ထုတ်ယူနိုင်ခြင်းဟာ အကျိုးကျေးဇူးများစွာ ရရှိနိုင်တဲ့ စီးပွားရေးလုပ်ငန်း တစ်ခုအပြင် တည်ရှိလာမှာ ဖြစ်ပါတယ်။

 

အကျိုးရှိအောင် ဖြေရှင်းခြင်းဖြစ်

 

လူဦးရေခုနစ်သန်းကျော် ရှိလာနေပြီဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ အမှိုက်စွန့်ပစ်စုပုံမှု အခက်အခဲပြဿနာတစ်ရပ်ကို အကောင်းဆုံး နည်းလမ်းနဲ့ အကျိုးရှိအောင် ဖြေရှင်းခြင်းဖြစ်ပါတယ်။

 

ဒီလိုအမှိုက်ကနေပြီး စွမ်းအင်ထုတ်လုပ်တဲ့ စက်ရုံမျိုးကို ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် လှော်ကားဥယျာဉ်သွားတဲ့ လမ်းဘေးမှာ ၂၀၁၅ ခုနှစ် အောက်တိုဘာက ဂျပန်အစိုးရနဲ့ ပူးပေါင်းပြီး တည်ဆောက်ထားတာရှိပါတယ်။ ဒီစက်ရုံ ဟာ ဂျပန်အစိုးရက အမေရိကန် ဒေါ်လာ ၈ သန်းကူညီခဲ့ပြီး တည်ဆောက်မှု ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၁၆ သန်း ဖြစ်တယ်လို့ ဆိုပါတယ်။

 

အဲဒီစက်ရုံဟာ ရန်ကုန်မြို့တွင်း ထွက်ရှိတဲ့ အမှိုက်တန်ချိန် တစ်နေ့ ၆၀ တန်ကို စက်ရုံမှာ မီးရှို့ပြီး ဓာတ်အား ကီလိုဝပ် ၇၀၀ ထုတ်လုပ်နိုင်တဲ့ စက်ရုံဖြစ်ပါတယ်။ အဲဒီထွက်ရှိတဲ့ ဓာတ်အားတွေထဲကနေပြီး ကီလိုဝပ် ၃၀၀ ကို စက်ရုံအတွက် ပြန်လည်အသုံးချပြီး ကျန်တဲ့ဓာတ်အားကီလိုဝပ် ၄၀၀ ကိုတော့ ဖြန့်ဖြူးရောင်းချလျက်ရှိပါတယ်။

 

မကြာခင်စတင်တော့မှာဖြစ်

 

အခုလည်း ထိန်ပင်အမှိုက်ပုံက တစ်နေ့ကို အမှိုက်တန်ချိန် ၁၀၀၀ ခန့် အသုံးပြုပြီး သဘာဝဓာတ်ငွေ့ထုတ်ယူမှာ ဖြစ်တာမို့ အမှိုက်ထားရှိဖို့ နေရာအခက်အခဲကို ဖြေရှင်းပေးနိုင်သလို မော်တော်ယာဉ်တွေ အသုံးပြုနိုင်တဲ့ သဘာဝဓာတ်ငွေ့တွေလည်း ထုတ်ယူနိုင်တာ ဖြစ်တာကြောင့် ဒီစီမံကိန်း အမြန်ဆုံးအကောင် အထည်ဖော်နိုင်ဖို့ မကြာခင် စတင်တော့မှာ ဖြစ်ပါတယ်။

 

ဒီလိုအခြေအနေတွေကြောင့် ရန်ကုန်မြို့နေ ပြည်သူတွေဟာ မိမိတို့အိမ်တွေက နေ့စဉ်ထွက်ရှိတဲ့ အမှိုက်တွေကို စနစ်တကျခွဲခြား စုစည်းပြီး စည်းကမ်းရှိစွာ သတ်မှတ်နေရာမှာ စွန့်ပစ်ခြင်းဟာ ပြည်သူတွေ ပြန်လည်အကျိုးပြု စေနိုင်တယ်ဆိုတဲ့ အတွေးတွေဝေနေမိတာတော့ အမှန်ပါပဲ။ ။