နှလုံးခုန်စည်းချက်ထိန်းစက် (pacemaker ) ဆိုတာ နှလုံးခုန်မူမမှန်ခြင်းကိုထိန်းချုပ်ဖို့ ရင်ဘတ်ထဲမှာ ထည့်သွင်းထားရတဲ့ အသေးစားစက်ကိရိယာလေးဖြစ်ပါတယ်။ ဒီစက်လေးက လျှပ်စစ်လှိုင်း အပျော့စား လေး တွေသုံးပြီး နှလုံးခုန်သံကိုပုံမှန်ဖြစ်အောင် ထိန်းပေးပါတယ်။ နှလုံးခုန်နှေးတာလိုမျိုး နှလုံးခုန်သံ မူမမှန်တဲ့ပြဿနာတွေမှာနှလုံးစည်းချက်ထိန်းစက်တွေကို ကုသမှုအဖြစ် ဆရာဝန်တွေက အသုံးပြု လေ့ရှိကြပါတယ်။

 

အသက်အရွယ်ကြောင့်၊ နှလုံးရုတ်တရက်ရပ်ဆိုင်းခြင်း (heart attack) ဖြစ်ရာကနေ နှလုံးထိခိုက်တာ ကြောင့်၊ အာရုံကြောနဲ့ကြွက်သားရောဂါပြဿနာတွေကြောင့် ဒါမှမဟုတ် နှလုံးမှာ လျှပ်စစ်လှိုင်း ပြဿနာပေါ်စေတဲ့ တခြားအခြေအနေတွေကြောင့် နှလုံးခုန်နှေးစေနိုင်ပါတယ်။

 

ဘယ်လိုအခြေအနေတွေမှာ နှလုံးထိန်းစက်ထည့်ဖို့လိုတာလဲ

 

နှလုံးထိန်းစက် ကို ဒီအခြေအနေတွေမှာ သုံးဖို့လိုအပ်လာတတ်ပါတယ် –

 

•           Bradycardia ကတော့ နှလုံးစက်ထည့်ဖို့လိုအပ်တဲ့အဖြစ်များဆုံးအကြောင်းရင်းဖြစ်ပါတယ်။ နှလုံးခုန် နှုန်းက သိပ်နှေးနေတာ ဒါမှမဟုတ် နေ့စဉ်လှုပ်ရှားမှုတွေအတွက် ခန္ဓါကိုယ်ရဲ့ လိုအပ်ချက်တွေ မပြည့်နိုင်တော့တာဖြစ်ပါတယ်။ Bradycardia ရဲ့လက္ခဏာတွေထဲမှာ ခေါင်းမူးခြင်း၊ နွမ်းလျမောပန်းလွန်းခြင်း၊ အသက်ရှူရပြတ်တောင်းပြတ်တောင်းဖြစ်ခြင်း၊ သတိလစ်ခြင်းတို့ ပါဝင်ပါတယ်။

 

•           အသက်ကြီးလာတဲ့အခါ သို့မဟုတ် နှလုံးရောဂါရှိတဲ့အခါ sinus node လို့ခေါ်တဲ့ နှလုံးကိုသဘာဝအလျောက်စည်းချက်ထိန်းပေးတဲ့ ဆဲလ်အုပ်စုရဲ့လုပ်နိုင်စွမ်းကို ထိခိုက်စေပါတယ်။ ဒီလိုထိခိုက်လာတဲ့အခါ နှလုံးခုန်သံတွေနှေးစေတာ သို့မဟုတ် နှလုံးခုန်သံတစ်ချက်နဲ့တစ်ချက်ကြားမှာ ခပ်ကြာကြာကွာဟလာတာတွေဖြစ်လာတယ်။ အဲဒီကနေ နှလုံးခုန်အရမ်းနှေးလိုက်၊ အရမ်းမြန်လိုက်နဲ့ စည်းချက်လုံးဝမထိန်းနိုင်တော့တဲ့ sick sinus syndrome ဆိုတာဖြစ်လာနိုင်ပါတယ်။

 

•           နှလုံးအပေါ်ခန်းတွေ က နှလုံးစည်းချက်ပုံမှန်မဟုတ်ဘဲ မြန်မြန် ရမ်းခါတဲ့ နှလုံးစည်းချက် မမှန်ခြင်း (atrial fibrillation) အခြေအနေမျိုးမှာ pacemaker ထည့်သွင်းဖို့လိုအပ်လာနိုင်ပါတယ်။

 

မွေးရာပါနှလုံးရောဂါ ဝေဒနာရှင်တွေနဲ့ နှလုံးအစားထိုးကုသမှုခံယူထားသူတွေအတွက်လည်း နှလုံးစက်ထည့်ဖို့ ဆရာဝန်တွေက ညွှန်ကြားလာနိုင်ပါတယ်။

 

Pacemaker ရဲ့လုပ်ဆောင်ချက်

 

ရင်ဘတ်မှာထည့်သွင်းထားတဲ့ နှလုံးထိန်းစက် ဟာ နှလုံးရဲ့ပုံမှန်လုပ်ဆောင်ချက်အတိုင်းဖြစ်စေဖို့ ပုံစံတူ လုပ်ဆောင်ကူညီပေးတာ ဖြစ်ပါတယ်။ စက်မှာ ဘက်ထရီတစ်လုံးပါရှိပြီး လျှပ်စစ်လှိုင်းတွေ နှလုံးကို ပို့လွှတ်မှုနှုန်းကို ထိန်းညှိပေးမယ့် လျှပ်စစ်စီးကြောင်းတစ်ခုပါရှိပါတယ်။

 

 

Pacemaker က နှလုံးခုန်နှုန်းကိုထိန်းညှိပေးပြီး သိပ်နှေးနေတယ်ဆိုရင် နှလုံးကို လျှပ်စစ်လှိုင်းလေးတွေ ထုတ်လွှတ်ပေးပြီး နှလုံးခုန်မြန်အောင်လုပ်ပေးပါလိမ့်မယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုနဲ့ အသက်ရှူနှုန်းကို သိရှိနိုင်တဲ့ အာရုံခံစနစ်က Pacemaker အများစုမှာ ပါရှိတတ်ပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်ရဲ့သွေးနဲ့အောက်ဆီဂျင်လိုအပ်မှုကိုဖြည့်ဆည်းနိုင်ဖို့ လှုပ်ရှားနေစဉ်အတွင်း နှလုံးခုန်မြန်အောင် Pacemaker ကို နှိုးဆွပေးပါတယ်။

 

နှလုံးစက်ထည့်ပြီးတဲ့အခါ

 

ခွဲစိတ်မှုပြီးတဲ့နောက်ပိုင်းမှာ ဆရာဝန်ရဲ့ညွှန်ကြားချက်တွေအတိုင်း ဂရုစိုက်နေထိုင်ဖို့လိုပါတယ်။

 

•           နည်းနည်းလှုပ်ရှားပါ။ လမ်းခဏလျှောက်တာ၊ ခြေနဲ့လက်ကိုလှုပ်ရှားပေးရုံနဲ့လည်း သွေးလည်ပတ်မှုကောင်းစေနိုင်ပါတယ်။ အရမ်းတော့ အားမစိုက်ပါနဲ့။ ပင်ပန်းလာပြီဆိုတာနဲ့ နားပါ။ တော်သင့်ရုံလှုပ်ရှားစေချင်တာပါ။

 

•           ရေချိုးရတာလည်းမကြောက်ပါနဲ့။ နှလုံးထိန်းစက်ဟာရေနဲ့ထိလို့ ဘာမှမဖြစ်အောင် အပြည့်အဝကာကွယ်မှုပါရှိပြီးသားပါ။

 

•           ကား၊ ရထား၊လေယာဉ်စတဲ့ ခရီးတွေက အန္တရာယ်မရှိနိုင်ပါ။

 

•           သတိထားရမှာက သံလိုက်နဲ့ လျှပ်စစ်လှိုင်းပြင်းထန်တဲ့ နေရာတွေကို ရှောင်ဖို့ပါ။ လက်ကိုင်ဖုန်းတွေ၊ mp3 player တွေ၊ ရေဒီယိုတွေစတဲ့ အသုံးအဆောင်တွေကို သတိထားပါ။

 

•           ဆေးရုံဆေးခန်းသွားတဲ့အခါကိုယ့်မှာ နှလုံးစက်ထည့်ကြောင်း ဆရာဝန်နဲ့ ဆေးဝန်ထမ်းတွေကို ပြောပြပါ။

 

•           လေဆိပ်မှာလုံခြုံရေးစစ်ဆေးတဲ့အခါ ကိုယ့်မှာနှလုံးစက်ထည့်ထားကြောင်းပြောပြပါ။ လုံခြုံရေး စစ်ဆေးတဲ့ စက်တွေကြောင့် နှလုံးစက်ကိုမပျက်စီးနိုင်ပေမယ့် ခန္ဓါကိုယ်ထဲမှာ သတ္တုရှိနေကြောင်း အလန့်တကြား အချက်ပြမှာမို့ပါ။   လက်ကိုင်စစ်ဆေးရေးစက်လိုမျိုး တခြားနည်းနဲ့ အဆင်ပြေ နိုင်ပါတယ်။

 

Pacemaker တွေက ပုံမှန်အားဖြင့်ဘေးကင်းစိတ်ချရပါတယ်။ တကယ်လို့ ဒီအချက်တွေဖြစ်လာရင် ဆရာဝန်အမြန်ဆုံးပြပါ ။

 

•           စက်ထည့်ထားတဲ့နေရာကရောင်ရမ်း၊သွေးယို၊ ဒဏ်ရာဖြစ်၊ ပိုးဝင်လာတာ

 

•           သွေးကြော သို့မဟုတ် အာရုံကြောထိခိုက်တာ

 

•           အဆုတ်လုပ်ဆောင်ချက်မကောင်းတာ

 

•           ကုသမှုအတွင်းအသုံးပြုတဲ့ဆေးဝါးအပေါ် တုံ့ပြန်မှုမကောင်းတာ။

 

ဘက်ထရီက ဘယ်လောက်ကြာကြာခံလဲ

 

နှလုံးစက်တွေရဲ့ဘက်ထရီက ၅ နှစ်ကနေ ၁၅ နှစ်လောက်အထိ သက်တမ်းခံတတ်ပါတယ်။ စက်ရဲ့ ဘက်ထရီက အားမကုန်ခင်မှာ ဆရာဝန်တွေက စက်အသစ်လဲထည့်ပေးပါလိမ့်မယ်။

 

ဆရာဝန်ရက်ချိန်းတွေမှန်အောင်ပြပြီး ကျန်းမာရေးစစ်ဆေးမှုခံယူတဲ့အခါ နှလုံးစက်က လုပ်ဆောင်ချက်မှန်ရဲ့လား၊ အသစ်လဲဖို့လိုပြီလားဆိုတာ ဆရာဝန်က အကဲခတ်ဆုံးဖြတ်ပေးပါလိမ့်မယ်။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Yun Sandi Nan Mon

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”