မြိတ်   ၃   ဇွန်

 

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြိတ်မြို့ရှိ သမုတ်-လွတ်လွတ်တံတား တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအား ဇွန်လ ၂ ရက် နံနက်ပိုင်းက ကြည့်ရှု စစ်ဆေးခဲ့သည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သမုတ်-လွတ်လွတ်တံတား တည်ဆောက်ရေးလုပ်ငန်းခွင်   သမုတ် ဘက်ကမ်း တံတားချဉ်းကပ်လမ်းပိုင်းမှ တံတားတည်ဆောက်ပြီးစီးမှုအခြေအနေအား တံတားပေါ် ဖြတ်သန်းကြည့်ရှုစစ်ဆေးရာ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မျိုးထွန်း က တံတားတည်ဆောက်ပြီးစီးမှုအခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့သည်။

 

သမုတ်-လွတ်လွတ် တံတားသည် ၁၂၈၇ ပေရှည်ပြီး ပေ ၁၀ဝ P.C Girder (၅)ခန်းနဲ့ မီတာ(၆၀) Steel Box Girder& R.C Decking တည်ဆောက်ထားတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။ တံတားအကျယ်က (၂၄)ပေရှိပြီးတော့ လူသွားလမ်းတစ်ဖက်(၃)ပေစီပါရှိပါတယ်။ တံတားကို Bored Pile အုတ်မြစ်ဖြင့် တည်ဆောက်ထားပြီး တိုင်ကိုယ်ထည် RC ကွန်ကရစ်နဲ့ တံတားကြမ်းခင်း RC ကွန်ကရစ်နဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ ရေလမ်း ကင်းလွတ်အကျယ်(၁၆၄)ပေရှိပြီး ရေလမ်းကင်းလွတ် အမြင့်က ရေအတက်ဆုံးချိန်မှာ (၁၅)ပေရှိပါတယ် ဟု တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄)မှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်မျိုးထွန်း က ပြောသည်။

 

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တံတားတည်ဆောက်ရေး စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ ရှင်းလင်း ဆောင်၌ တံတားတည်ဆောက်ရေးဆိုင်ရာ အချက်အလက်များကို တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့(၄)မှ ညွှန်ကြားရေးမှူးက လည်းကောင်း၊ တံတားချဉ်းကပ်လမ်းနှင့် သမုတ်-လွတ်လွတ် လမ်းပိုင်း ဆောင်ရွက်နေမှုများ ကို လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးသက်ဇော်ဝင်း ကလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်က  တံတားတည်ဆောက်ရေးနှင့် လမ်းလုပ်ငန်းများကို သတ်မှတ် ကာလအတွင်း စံချိန်စံညွှန်း အရည်အသွေး ပြည့်မီအောင် ဆောင်ရွက်ကြရန်မှာကြားခဲ့သည်။

 

သမုတ်-လွတ်လွတ်တံတားက ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တည်ရှိတဲ့ တံတားတစ်စင်း ဖြစ်ပါတယ်။  တံတားမတည်ဆောက်နိုင်ခင်တုန်းက သမုတ်မြစ်ကို ရှောင်ကွင်းပြီး ဖောက်ထားတဲ့ ရှောင်ကွင်းလမ်းမှ ပြည်သူများ ဖြတ်သန်းသွားလာရတဲ့အတွက် ယာဉ်များ(၂၅)မိုင်ခန့် သွားလာ ရပါတယ်။ တံတားတည်ဆောက်ပြီးစီးသွား မယ်ဆိုရင်တော့  (၁၄)မိုင်သာ သွားရမည်ဖြစ်ပြီး(၁၁)မိုင် သက်သာသွားမှာ ဖြစ်ပါတယ်။  မိုင်(၁၁)မိုင်သာ သက်သာ သော် လည်း ယာဉ်မောင်း ချိန်(၄၅)မိနစ်ခန့် သက်သာမယ်။ ရှောင်ကွင်းလမ်းက တောင်ကြောပေါ်က ဖောက်ထား သည့်အတွက် အတက်အဆင်း များပြီး အကွေ့အကောက်များသည့်အတွက် အမြန်သွားလို့မရဘူး။ သမုတ်-လွတ်လွတ်တံတား တည်ဆောက် ပြီးစီးပါက လမ်းက ပြေလည်းပြေသွားမယ် ဖြောင့်လည်းဖြောင့်သွားမှာဖြစ်တဲ့ အတွက် ယာဉ်မောင်းချိန် ပိုမြန်သွားမှာဖြစ်ပါတယ် ဟု  ဦးကျော်မျိုးထွန်း က ထပ်လောင်း ပြောကြားသည်။

 

အဆိုပါတံတားကို ရန်ပုံငွေစုစုပေါင်း ကျပ်သန်း(၁၁၈၀ဝ)ဖြင့် တည်ဆောက်လျက်ရှိပြီး ယခုလက်ရှိ အချိန်တွင် တံတားတည်ဆောက်မှုလုပ်ငန်း (၉၄)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကာ ဇူလိုင်လအတွင်း အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း၊ တံတားတည်ဆောက်ပြီးစီးပါက သမုတ်-လွတ်လွတ် တံတားသည် ပြည်ထောင်စုလမ်းမကြီး တွင်တည်ရှိသော တံတားတစ်စင်းဖြစ်သောကြောင့် ဒေသခံ ပြည်သူများနှင့် ခရီးသွားပြည်သူများ နေ့စဉ်သွားလာမှု ပိုမိုလွယ်ကူ လျင်မြန်စွာဖြင့်  ဖြတ်သန်းသွားလာနိုင်မည် ဖြစ်ကြောင်း တံတားဦးစီးဌာနမှ သိရသည်။

 

ခိုင်ထူး (မြိတ်  ပြန်/ဆက်)