၃ ဇွန်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင်ပြေးဆွဲနေသည့် YBS ယာဉ်များမှ YRTA ထံ ပေးသွင်းရ သည့် စီမံခန့်ခွဲမှုရန်ပုံငွေ ကင်းလွတ်ခွင့်ကို ဇွန် ၃၀ ရက်ထိ ထပ်မံတိုးမြှင့်ပေးလိုက် ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)ထံမှ သိရသည်။
YBS သယ်ယူပို့ဆောင်ရေးကုမ္ပဏီများနှင့် တာဝန်ခံယာဉ်လိုင်းများမှ YRTA သို့ ပေးသွင်းရသည့် စီမံခန့်ခွဲမှု ရန်ပုံငွေကျပ် ၄၀၀၀ ပေးသွင်းမှုကို ယခင် မတ် ၂၇ ရက်မှ ဧပြီ ၃၀ ရက်ထိ ယာယီ ကင်းလွတ်ခွင့်ပြုခဲ့ရာမှ YBS သယ်ယူပို့ဆောင်ရေး ကုမ္ပဏီများနှင့် တာဝန်ခံယာဉ်လိုင်းများအား ကူညီထောက်ပံ့သည့်အနေဖြင့် မေ ၃၁ ရက်ထိ တိုးမြှင့်ပေးထားကြောင်း၊ ယခုအခါ ဒုတိယအကြိမ်အဖြစ် ဇွန် ၃၀ ရက်ထိ ထပ်မံတိုးမြှင့်ပေးလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)ထံမှ သိရသည်။
ထိုသို့ YRTA သို့ ပေးသွင်းရသည့် စီမံခန့်ခွဲမှု ရန်ပုံငွေကျပ် ၄၀၀၀ ပေးသွင်းမှုကို ယာယီကင်းလွတ် ခွင့်ပြုခြင်းမှာ YRTA အနေဖြင့်YBS ယာဉ်လိုင်းကုမ္ပဏီများကို တစ်ထောင့်တစ်နေရာမှ ပံ့ပိုးမှုဖြစ်စေရန် စီစဥ်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းYRTA မှ မန်းနေးဂျင်း ဒါရိုက်တာ ဦးအောင်ညီညီမော် က ပြောကြားထားသည်။
အဆိုပါ YBS ယာဉ်အစီးရေမှာလည်း ယခင်ကတစ်နေ့လျှင် အစီးရေ ၄၅၀၀ ခန့် ပြေးဆွဲလျက် ရှိသော်လည်း ယခုအခါ ကိုဗစ်-၁၉ ကြောင့် ခရီးသွားလာမှုရှိသော ပြည်သူများ၏ အခြေအနေအရလည်း ကောင်း၊ ယာဉ်မောင်းများ၏ ပါဝင်ဆောင်ရွက်နိုင်မှု အခြေအနေအရလည်းကောင်း စီမံပြေးဆွဲနေရကာ လက်ရှိ YBS ပြေးဆွဲလမ်းကြောင်း (၁၂၆) လိုင်းမှ မော်တော်ယာဉ်စီးရေ ၃၃၀၀ ကျော်ဖြင့် ခရီးသည် များကို သယ်ယူပို့ဆောင်ပေးနေကြောင်း YRTA ထံမှ သိရသည်။
YBS ယာဥ်လိုင်းကုမ္ပဏီများအနေဖြင့်လည်း မော်တော်ယာဉ်တစ်စင်း ထွက်ခွာမည်ဆိုပါက နေ့စဉ် ဆောင်ရွက်ရသည့် ခရီးစဥ်မှတ်တမ်းရေးသွင်းခြင်း၊ Way Bill များထုတ်ပေးခြင်း၊ Time Sheet များဖြင့် ပြေးဆွဲခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ လိုက်နာရမည့်အချက်များအား ယခင် ဆောင်ရွက်နေသည့်အတိုင်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)အနေဖြင့် YBS ယာဉ်လိုင်းကုမ္ပဏီများ အခက်အခဲ ရှိလာပါကလည်း ဖြေရှင်းဆောင်ရွက်ပေးရန် စဉ်ဆက်မပြတ် ဆောင်ရွက်နေကြောင်း သိရသည်။
လက်ရှိ YRTA အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို တားဆီးကာကွယ်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်နေပြီး YBS ယာဉ်လိုင်း ကုမ္ပဏီများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်လျှက်ရှိကြောင်း၊ YBS ယာဉ်လိုင်း ကုမ္ပဏီများရှိ မော်တော်ယာဉ်များမှာလည်း နေ့စဉ် ပုံမှန်ပြေးဆွဲပေးလျှက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကပ်ရောဂါကို တားဆီးကာကွယ်နိုင်ရန် YBS ယာဉ်လိုင်းကုမ္ပဏီများအပါအဝင် လူမှု့အဖွဲ့အစည်းများနှင့် ပြည်သူလူထုကလည်း YBS ယာဉ်များပေါ်တွင် COVID-19 ကပ်ရောဂါအတွက် Mask တပ်ခြင်း၊ YBS ယာဥ်များပေါ်တွင် လက်သန့်ဆေးရည်များ ထားရှိခြင်း၊ ကားဂိတ်၊ ရထားဂိတ်များတွင်လည်း လက်ဆေးကန်များထားရှိခြင်း၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်း စသည်တို့ကို ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင်ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းနံပါတ် ၁၀၀ ကျော်ရှိသည့်အပြင် Airport Shuttle Bus၊ City Transit တို့ဖြင့် လမ်းကြောင်းပေါင်း ၁၃၅ လမ်းကြောင်းရှိကြောင်း သိရသည်။
ငြိမ်းငြိမ်း


