ရေဦး ၃ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်တွင် ဇွန် ၂ ရက်ညနေ ၅ နာရီခန့်က မိုးသက်လေးပြင်းကျရောက်ခဲ့မှုကြောင့် လူနေအိမ်နှင့် ဘုရားစေတီတော် အချို့ထီးတော်မြေခခဲ့ပြီး လူတစ်ဦးမိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မိုးသက်လေပြင်းကျရောက်ခဲ့မှုကြောင့် ရေဦးမြို့နယ် နေပူကုန်းကျေးရွာအုပ်စု မြင်းမြေ၊ တာတိုင်၊ အောင်ကဲ့ဇင်၊ အင်တောကျေးရွာ လူနေအိမ်လေးလုံး ပြိုလဲပျက်စီးခဲ့ပြီးရွာထောင် ၀က်ဖြူ၊ အုတ်ဖိုကျေးရွာတို့မှ လူနေအိမ် ၂၅ လုံး အမိုးလန်ပျက်စီးခဲ့သည်။ ထို့ပြင် ရေဦးမြို့နှင့် ၃၅ မိုင်ခန့်အကွာ အင်းကြီးကျေးရွာအနောက်ဘက် ၇ မိုင်ခန့် ယာတောတဲတွင်နေထိုင်သူ မောင်သူရိန်ဟိန်း၊ အသက် (၁၂)နှစ်မှ မိုးကြိူထိမှန် သေဆုံးခဲ့ကြောင်း ရေဦးမြို့နယ် တင်းတိန်ရံနယ်မြေစခန်းရဲအုပ် မျိုးညွန့်ထံမှ သိရသည်။
မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ပေါ် သစ်ပင်လဲကျခြင်းကို မြို့နယ်မီးသတ်စခန်း ဒုဦးစီးမှူး ဦးသန့်ဇင်ဖြိုးနှင့် သန္ဓေနေအိမ်ပေါ် လဲကျနေသော သစ်ပင်များ ဖယ်ရှားရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ သဘာ၀ဘေးဒဏ်ခံခဲ့ရသည့် နေရာများသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့် အဖွဲ့၀င်များက ကွင်းဆင်းကြည့်ရှုကာ ကူညီထောက်ပံ့ပေးနိုင်ရေး ပံပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
သန်းထိုက် (ရေဦး)


