မန္တလေး  ၃  ဇွန်

 

မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးအတွင်း လက်ရှိ တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအား ဝန်ထမ်း ၃ ဦးလျင် တစ်ဦးနှုန်း ဝန်ထမ်းအိမ်ရာ နေထိုင်ခွင့် ရရှိစေရေးအတွက် စီစဉ်ပေးနိုင်ရန် လာမည့် ၄ နှစ်တာကာလအတွင်း ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောကြားသည်။

 

မန္တလေးတိုင်းဒေသကြီး အတွင်း၌ ဝန်ထမ်းအိမ်ရာ တည်ဆောက်ပေးနိုင်မှုအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ၄ နှစ်တာကာလအတွင်း၌ ဝန်ထမ်းအိမ်ရာ အခန်း ပေါင်း ၂၁၉၈ ခန်းကို တည်ဆောက်ပေးနိုင်ခဲ့ပြီး ယခုနှစ်အထိ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ မန္တလေး တိုင်းဒေသကြီးအတွင်း ဝန်ထမ်းအိမ်ရာအခန်းပေါင်း ၄၀၄၄ ခန်းနှင့် အခြားဌာနအသီးသီးမှ ၂၂၀၉၄ ခန်းဆောက်လုပ်ကာ ဝန်ထမ်းအိမ်ရာစုစုပေါင်း ၂၆၁၃၈ ခန်းကို တည်ဆောက်ပေးခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ လက်ရှိတာဝန်ထမ်းဆောင်နေသော ဝန်ထမ်း ၁၀၄၂၄၉ ဦးအား လေးနှစ်တာကာလအတွင်း၌ ဝန်ထမ်း ၄ဦးလျင် တစ်ဦးနှုန်းဖြင့် အိမ်ခန်းနေရာများ စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

"မန္တလေးတိုင်းအတွင်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေအတွက် ဝန်ထမ်းသုံးဦးကို တစ်ဦးနှုန်း အိမ်ရာနေထိုင်ခွင့် ရဖို့ဆိုရင် နောက်ထပ် ဝန်ထမ်းအိမ်ရာအခန်းပေါင်း ၈၆၀၀ လောက် ထပ်မံဆောက်လုပ်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဌာနအနေနဲ့ လိုအပ်ချက်အရ ထပ်မံဖြည့်ဆည်းဆောက်လုပ်ရမယ့် ဝန်ထမ်းအိမ်ရာတွေအနက် ၂၅ ရာခိုင်နှုန်းဖြစ်တဲ့ အိမ်ခန်းပေါင်း ၂၁၅၀ ကို လာမည့် ဘဏ္ဍာရေးနှစ် လေးနှစ်တာကာလအတွင်းမှာ လျာထားတည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ၇၅ ရာခိုင်နှုန်းဖြစ်တဲ့ အိမ်ခန်းပေါင်း ၆၄၅၀ ကို မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ရှိကြတဲ့အခြားဌာနတွေက သူတို့ဌာနမှာရှိတဲ့ ဝန်ထမ်းအိမ်ရာ လိုအပ်ချက်ပေါ်မူတည်ပြီး ဌာနပိုင်မြေတွေမှာ ဝန်ထမ်းအိမ်ရာတွေကို ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေတောင်းခံပြီး လျာထားတည်ဆောက်သွားမယ့် နည်းလမ်းတွေနဲ့ ဖြည့်ဆည်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"  ဟုပြောသည်။

 

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီးအတွင်း ဝန်ထမ်းအိမ်ရာ တည်ဆောက်ပေးနိုင်မှုအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ၄၆၀ခန့်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ၄၇၆ ခန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ၁၀၅၈ ခန်းဆောင်ရွက်ပြီးစီးခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ၂၀၄ ခန်း ဆောင်ရွက်လျက်ရှိပြီး လေးနှစ်တာကာလအတွင်း၌ ဝန်ထမ်းအိမ်ရာအခန်းပေါင်း ၂၁၉၈ ခန်း တည်ဆောက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် အဆိုပါဌာနမှ တိုင်းဒေသကြီးအတွင်း၌ တန်ဖိုးမျှတအိမ်ရာတိုက်ခန်းများ အကောင်အထည်ဖော် တည်ဆောက်၍ နိုင်ငံဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများနှင့် ဝင်ငွေနည်းပြည်သူများအား ဘဏ်ချေးငွေစနစ်ဖြင့် ရောင်းချပေးနိုင်ရန် စီမံချက်များ ရေးစွဲကာ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)