တောင်ကြီး   ၃  ဇွန်   

 

ကိုဗစ်စ် -၁၉ ရောဂါဖြစ်ပွားနေချိန် ကာလအတွင်း တောင်ကြီးမြို့ရှိ မြို့မစျေးကြီးနှင့် ပျံကျစျေးများသည် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးရှောင်ရှားသောအားဖြင့် စျေးများကို ဧပြီ ၁၂ ရက် မှစ၍ မေလ ၃၁ ရက်နေ့အထိ ၁ လကျော်ကြာပိတ်ထားခဲ့ပြီး ဇွန် ၁ ရက်မှ စတင်၍ စျေးရောင်း၊ စျေးဝယ် နှင့် အလုပ် သမားပြည်သူလူထုများ အဆင်ပြေစေရန် တစ်ရက်လျင်ဈေးဆိုင်ခန်းများ၏ ၅၀ ရာခိုင်နှုန်း အား အလှည့်ကျစနစ်ဖြင့် ဇွန်လ ၁ရက်နေ့မှ စတင်ဖွင့်လှစ်ခွင့်ပြုလျက်ရှိကြောင်း တောင်ကြီးမြို့မ‌ဈေး တာဝန်ခံ ဦးခင်အေးထံမှ သိရသည်။

 

ယင်းသို့ စျေးများပြန်လည်ဖွင့်လှစ်ပေးခြင်းသည် စျေးရောင်း၊စျေးဝယ်၊ အလုပ်သမားပြည်သူလူထု အဆင်ပြေစေရန်ဖြစ်ပြီး စျေးဆိုင်ခန်းများအား အရောင်ခွဲခြားသတ်မှတ်၍ အလှည့်ကျ စနစ်ဖြင့် ဖွင့်လှစ်ခွင့်ပြုထားကြောင်း၊ ဆိုင်ခန်းတစ်ခန်းတွင် စျေး​ရောင်းချသူ နှစ်ဦးသာခွင့်ပြုပေးထား​ပြီးစျေးသို့လာရောက်သည့် စျေးရောင်းသူစျေးဝယ်သူများအတွက် လက်ဆေး ဘေစင်များထားရှိပေးပြီး မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ လူမှုရေးအသင်းအဖွဲ့များက ကိုယ်အပူချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ထို့အပြင် ကိုဗစ် -၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် Mask တပ်ဆင်မှသာ စျေးအတွင်း ဝင်ရောက်ခွင့်ပြုခြင်း၊ Mask မပါလာသူများအတွက် သက်သာသောနှုန်းထားဖြင့် Mask များ ဝယ်ယူ တပ်ဆင်နိုင်ရေးအတွက် စီစဉ်ထားပေးထားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် စျေးများအား ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့​ခြင်းဖြစ်ကြောင်း သိရသည်။ 

 

အလားတူစျေးများတွင်ပျံကျ ရောင်းချလျက်ရှိသည့် စျေးသည်များအား တောင်ကြီးမြို့တွင် သတ်မှတ် ပေးထားသည့် ပျံကျစျေး ရောင်းချရမည့်သတ်မှတ်နေရာ( ၉ )နေရာတွင် ဆက်လက်ရောင်းချခွင့်ပြုထားကြောင်း စျေးများပြန်လည်စတင်ဖွင့်လှစ်သည့် ကာလဖြစ်၍အရောင်း အဝယ်တော့ပါးသေးကြောင်း၊ အလုပ်သမားများလည်း ယခင်ထက်စားဝတ်နေရေး ပိုအဆင်ပြေလာမှာ ဖြစ်သလို အချို့စျေးဆိုင်ခန်းရှင်များအနေဖြင့် ယခုကဲ့သို့ ​ဈေးဆိုင်ခန်းများအား အလှည့်ကျ ဖွင့်လှစ်ခွင့်ပြုခြင်းအား နှစ်သက်သဘောကျသလို အချို့ဆိုင်ခန်းရှင်များအနေဖြင့်​ဈေးဆိုင်ခန်းများအားလုံး ပြန်လည်ဖွင့်လှစ်ခွင့်ပြုစေလိုကြောင်း မြို့မစျေးတာဝန်ခံ ထံမှသိရသည်။

 

စိုးညွှန့်ရွှေ (ပြန်/ဆက်)