ကလေး  ၃  ဇွန်

 

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၏ အစီအစဉ်ဖြင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့၊ စေတနာ့ဝန်ထမ်း Volunteer များပူးပေါင်း၍ ကလေးခရိုင်၊ ကလေးမြို့နယ်အတွင်းရှိ စေတနာ့ ဝန်ထမ်းများအား  မြို့နယ်အဆင့် ဆင့်ပွားသင်တန်းပေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကလေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် ကလေးခရိုင်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ   ဦးခင်မောင်ချိုက အဖွင့်အမှာ စကား ပြောကြားပြီးနောက် သင်တန်းအားဆက်လက်ပို့ချပေးရာတွင် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၏ အစီအစဉ်ဖြင့် စေတနာ့ဝန်ထမ်းဆရာဖြစ် အွန်လိုင်းသင်တန်းတွင် ကလေးမြို့နယ်မှ တက်ရောက်ခဲ့သည့် နည်းပြဆရာ ငါးဦးတို့က ဘာသာရပ် ၁၀ မျိုးဖြင့်  ကလေးမြို့နယ်အတွင်းရှိ Community Base Facility Quarantine Centre များတွင် စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင် နေသော သင်တန်းသား ၁၁၆၉ ဦးတို့အား တစ်ရက်လျှင် နှစ်ဖွဲ့ခွဲကာ ယခုလ ၃ ရက်နေ့မှ ၅ရက်နေ့ အထိ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းတွင် Quarantine Centre များတွင် စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်နေသော စေတနာ့ဝန်ထမ်း Volunteer များအတွက် လိုအပ်နေသည့် ကျန်းမာရေးဆိုင်ရာအသိပညာများ နည်းစနစ် မှန်ကန်စွာ ဆောင်ရွက်နိုင်စေရန်၊ COVID-19 ရောဂါကာကွယ်ရေးနှင့် ပညာပေး လုပ်ငန်းစဉ်များတွင် စေတနာဖြင့်အားဖြည့် ကူညီဆောင်ရွက်နေကြသူများအား ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် အသိပညာပေးရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆောင်ရွက်မှုများအား ပိုမိုသိရှိပြီး လုပ်ငန်းများ ပိုမိုမြန်ဆန်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ ကလေးခရိုင်အတွင်းရှိ ကလေးဝမြို့နယ်နှင့် မင်းကင်းမြို့နယ်များကိုလည်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မေဦးထံမှ သိရသည်။

 

သန်းထိုက်အောင်(ပြန်/ဆက်)