ထားဝယ် ၃ ဇွန်

 

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ခေတ္တပိတ်သိမ်းထားသော စက်ရုံ၊ အလုပ်ရုံများအနက် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများက စစ်ဆေး၍ ညွှန်ကြားချက်များနှင့်ကိုက်ညီသော စက်ရုံ၊ အလုပ်ရုံများအား မေ ရက်က ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးခဲ့သည်။

 

ပြန်လည်ဖွင့်လှစ်ပေးခဲ့သော စက်ရုံအလုပ်ရုံများအနက် ထားဝယ်မြို့ရှိ ရာဘာသစ်ပေါင်းစက်ရုံ အာမခံအလုပ်သမားများအား လူမှုဖူလုံရေးထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးရုံးခန်း၌ ယနေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ရာ ရာဘာသစ်ပေါင်းစက်ရုံရှိ အာမခံအလုပ်သမား ၂၆၂ ဦးအတွက် လူမှုဖူလုံရေးထောက်ပံ့ငွေကျပ် ၄၅၆၁၀၆၆ ဒသမ ၆၇ ကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးကျော်မင်းက ပေးအပ်ခဲ့ပြီး သစ်ပေါင်းစက်ရုံ အထွေထွေမန်နေဂျာ ဦးနော်အောင်က လက်ခံရယူခဲ့သည်။ အဆိုပါပေးအပ်ငွေသည် အာမခံအလုပ်သမားလစာ၏ လူမှုဖူလုံရေး ထောက်ပံ့ရန်ပုံငွေ ၄၀ ရာခိုင်နှုန်းအား ပေးအပ်ခြင်းဖြစ်ပြီး ထားဝယ်မြို့တွင် ပထမဦးဆုံးအကြိမ် ပေးအပ်ခြင်းဖြစ်သည်။

 

အလားတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် ကိုက်ညီသည့် အခြားစက်ရုံများကိုလည်း ခွင့်ပြုငွေများရရှိပါက ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

မျိုးသန့်(ပြန်/ဆက်)