ဖရူဆို ၃ ဇွန်                 

 

ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် Covid-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ (Volunteer) စေတနာ့ဝန်ထမ်းများအဖြစ် ပါဝင်ကူညီဆောင်ရွက်ပေးမည့် ဒေသခံပြည်သူများအား ဆင့်ပွားသင်တန်းပေးခြင်းကို ယနေ့နံနက်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။

 

အဆိုပါသင်တန်းတွင် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်မာဝင်းက Quarantine ဝင်ရောက်သူများအား စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာ ပံ့ပိုးပေးမှု၊ ပြောဆိုဆက်သွယ်ရေးဆိုင်ရာ အရေးကြီးပုံ၊ အမျိုးသမီးအကြမ်းဖက်မှု (GBV) အကြောင်း၊ ကလေးသူငယ်များနှင့် မသန်စွမ်းသူများအကြောင်းတို့ကို လည်ကောင်း၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မြို့နယ်သူနာအဆင့်(၁) ဒေါ်မေရီလှချေးမိုးနှင့် မြို့နယ်သူနာပြု ဦးဂျူးလီယိုတို့က COVID-19 ရောဂါတုံ့ပြန်ဆောင်ရွက်ရာတွင် စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍအရေးပါပုံကို လည်းကောင်း ရှင်းလင်းပြောကြားကြသည်။ ထို့ပြင် စေတနာ့ဝန်ထမ်းများ၏ လုပ်ငန်းတာဝန် ရောဂါကာကွယ်ရေး နည်းလမ်းများနှင့် (PPE) ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကာကွယ်ရေးဝတ်စုံ (PPE) နှင့် ဆက်စပ်ပစ္စည်းများအား စနစ်တကျ ဝတ်ဆင်အသုံးပြုတတ်စေရန် လက်တွေ့သရုပ်ပြ သင်ကြားပေးခဲ့ပြီး သင်တန်းသို့ ဒေသခံ (Volunteer) စေတနာ့ဝန်ထမ်း (၁၈) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

 

မြို့နယ်(ပြန်/ဆက်)