မန္တလေး ၃ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ငါးကဏ္ဍဖွံ့ဖြိုးရေးအတွက် ရေလုပ်သားများကို ဇွန် ၃ ရက်က ငွေကျပ် သိန်း ၄၀ဝ ကျော် ထုတ်ချေးပေးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ငါးလုပ်ငန်းဦးစီးဋ္ဌာနမှ သိရသည်။
စဉ့်ကူးမြို့နယ်အတွင်းရှိ ရေလုပ်သားတစ်ဦးလျှင် အနည်းဆုံး ငွေကျပ်တစ်သိန်းကနေ အများဆုံး ငါးသိန်းအထိ အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးကြောင်း၊ ယခုနှစ်တွင် ရေလုပ်သား ၁၂၅ ဦးအတွက် ငွေကျပ် ၄၁၇ သိန်း ထုတ်ချေးခဲ့ကြောင်း ပြင်ဦးလွင်ငါးလုပ်ငန်းဦးစီးမှူး ဦးစောဝဏ္ဏက ပြောသည်။
မြစိမ်းရောင်စီမံကိန်း၏ ရည်မှန်းချက်ဖြစ်သော ကျေးလက်လူထု၏ စွမ်းဆောင်ရည်တိုးတက်စေရန်နှင့် ဘေးအန္တရာယ်များ ကျရောက်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်မှု အားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်စေရန် ဦးတည်၍ ငါးလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။
မြစိမ်းရောင်စီမံကိန်းအရ မြစိမ်းရောင်ရန်ပုံငွေမှ အတိုးရငွေ၏ (၅၀%)ကို ကျေးရွာဖွံ့ဖြိုးအတွက် ကျခံသုံးစွဲနိုင်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


