မကွေး ၃ ဇွန်

 

မကွေးတိုင်းဒေသကြီး မကွေးမြို့၌ မြန်မာ့လေကြောင်းလိုင်းမှ ရန်ကုန်-မကွေး-အမ်း-စစ်တွေ အသွားအပြန် ခရီးစဉ်ကို ဇွန် ၁ ရက်မှ စတင်၍ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်-မကွေး-အမ်း-စစ်တွေ အသွားအပြန် ခရီးစဉ်ကို မြန်မာ့လေကြောင်းလိုင်းမှ ၂၀၁၉ ခုနှစ် ဇွန် ၂၅ ရက်မှ စတင်ပြေးဆွဲခဲ့တာဖြစ်ပြီး Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၁ ရက်က ရပ်နားခဲ့ရာမှ ယခုအခါ ဇွန်လ ၁ ရက်နေ့မှစ၍ ပုံမှန်ခရီးစဉ်များအတိုင်း ပြန်လည်ပြေးဆွဲနေပြီ ဖြစ်သည်။

 

“ခရီးသည်အဝင်အထွက်က ပျမ်းမျှ ၁၀ဝ အထက်လောက် အဝင်အထွက်ရှိပါတယ်။ လက်ရှိမှာ ရန်ကုန်က ကိုဗစ်ကြောင့် အဝင်အထွက်နည်းတယ်၊ စစ်တွေဘက်ကတော့ အဝင်အထွက်များပါတယ်၊ ကျွန်တော်တို့က လေကြောင်းဦးစီးဌာန လေဆိပ်တာဝန်ခံတွေဖြစ်ပြီး လေယာဉ် အတက်အဆင်းတွေကို ဘေးအန္တရာယ်ကင်းရှင်းစွာ ဆင်းသက်ပျံသန်းနိုင်ဖို့ တာဝန်ပါ၊ ခရီးသည်တွေ အဝင်အထွက်တွေ ချောမွေ့စွာ၊ ယုံကြည်စွာ၊ စိတ်ချစွာနဲ့ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝင်ထွက်သွားလာနိုင်ဖို့အတွက် တာဝန်ယူဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်”ဟု မကွေးလေဆိပ်မှ တာဝန်ခံ ဦးမင်းအောင်က ပြောသည်။

 

မြန်မာ့လေကြောင်းလိုင်းက ရန်ကုန်-မကွေး-အမ်း-စစ်တွေ အသွားအပြန် ခရီးစဉ်ကို တစ်ပတ်လျှင် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ (၃)ရက်တာ ပြေးဆွဲနေပြီး ရန်ကုန်မှ နံနက် ၇ နာရီခန့်မှ စတင်ထွက်ခွာ၍ မကွေးသို့ နံနက် ၈ နာရီခန့်ရောက်ရှိကာ မကွေးမှ စစ်တွေသို့ ဆက်လက်ထွက်ခွာပြီး စစ်တွေသို့ နံနက် ၉ နာရီခွဲခန့်မှာ ရောက်ရှိမှာ ဖြစ်ကြောင်းနှင့် လေယာဉ်ခရီးစဉ်နှုန်းထားများ အနေဖြင့် ရန်ကုန်-မကွေး ခရီးစဉ်၌ ခရီးသည် တစ်ဦးလျှင် ၅၉၀ဝ၀ ကျပ်မှ ၇၀ဝ၀ဝ ကျပ်ခန့်ရှိပြီး မကွေးမှ စစ်တွေသို့ ခရီးသည် တစ်ဦးလျှင် ၅၀ဝ၀ဝ ကျပ်မှ ၆၁၀ဝ၀ ကျပ်ခန့်ရှိကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)