နေပြည်တော် ၃ ဇွန်
COVID Action Platform Global Leaders Virtual Meeting ဆွေးနွေးပွဲကို ယနေ့ ည ၇ နာရီက ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) ကကြီးမှူး၍ Video Conference စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ပါဝင်တက်ရောက်သည်။
အစည်းအဝေးတွင် “Great Reset Initiative” ကို စတင်မိတ်ဆက်ခဲ့ပြီး ကိုဗစ်-၁၉ ကာလအလွန် တရားမျှတပြီး အားလုံးပါဝင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များနှင့် အလျင်အမြန်ဆောင်ရွက်ရမည့် လူမှုစီးပွားဘဝ ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ရန်အတွက် အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ယင်းနောက် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ Founder and Executive Chairman ဖြစ်သူ Klaus Schwab က မိမိတို့ကမ္ဘာကြီးသည် လူသားတို့၏ တီထွင်ဖန်တီးမှု အကျိုးဆက်များကြောင့် ရာသီဥတုပြောင်းလဲမှုနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေသည့် ကာဗွန်ထုတ်လုပ်မှုကို လျော့ချရေးမှာလည်း ယခုထက်တိုင် နှေးကွေးလျက်ရှိကြောင်း၊ ကမ္ဘာကြီးရေရှည်တည်တံ့ စေရေးအတွက် လူသားတို့၏ ပြုမူလုပ်ဆောင်ချက်များကို ပြန်လည်စဉ်းစားသုံးသပ်ရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။
ဗြိတိန်နိုင်ငံ HRH The Prince of Wales က မိမိတို့ အနာဂတ်ဘဝ လုံခြုံစိတ်ချစေရန်အတွက် လက်ရှိဆောင်ရွက်နေသော စီးပွားရေးပုံစံကို ပြောင်းလဲလုပ်ဆောင်ရ မည်ဖြစ်ကြောင်း၊ လူသားနှင့် ကမ္ဘာမြေကြီးကို စံတန်ဖိုးထားမှုများအဖြစ် ထိန်းသိမ်းရန် လိုအပ်မည်ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြီး ဖြစ်ပွားနေမှုမှ သင်ခန်းစာများရယူကာ သဘာဝတရားကို အကောင်းဆုံးဖြစ်အောင် မည်သို့ဆောင်ရွက်မည်ကို သတိပြုရန် လိုအပ်ကြောင်း ဆွေးနွေးသည်။
အဆိုပါဆွေးနွေးပွဲသို့ ချားလ်မင်းသားနှင့် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ Founder and Executive Chairman ဖြစ်သူ Klaus Schwab နှင့်အတူ COVID Action Platform အား အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြားနိုင်ငံများမှ ကမ္ဘာ့ခေါင်းဆောင်များ၊ အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် Stakeholders များ ပါဝင်တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်


