ပူတာအို ၄ ဇွန်
ယခုကာလသည် ငါးရစ် ငါးသန်ကာလ ငါးပေါက်ပွားရာသီဖြစ်သဖြင့် ငါးများသည် ဥများဖြင့်ပြည့်နက်နေခြင်းကြောင့် ငါးများကိုဖမ်းဆီးခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရန်အတွက် ပူတာအိုခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၆ နာရီက ပူတာအိုမြို့ မြို့မဈေးနှင့် ယာယီပျံကျဈေးများတွင် ဒုတိယအကြိမ်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပူတာအိုခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြသိန်းနှင့်၀န်ထမ်းများက ငါးမဖမ်းရရာသီတွင် ငါးများသည် ဉများဖြင့် ပြည့်နက်နေခြင်းကြောင့် ငါးပေါက်ပွားရာကာလအတွင်း ငါးများကို လျှပ်စစ်ရှော့ခ်တိုက် ငါးဖမ်းခြင်း၊ မိုင်းခွဲငါးဖမ်းခြင်း၊ အဆိပ်ချငါးဖမ်းခြင်း စသည့် နည်းအမျိုးမျိုးဖြင့် ငါးဖမ်းခြင်း၊ ရောင်း၀ယ် ဖောက်ကား ခြင်းမပြုလုပ်ကြရန်၊ ငါးသယံဇာတတိုးပွားလာစေရန်အတွက် ဝိုင်း၀န်းကာကွယ် စောင့်ရှောက်ရန်လိုအပ် ကြောင်းနှင့်ရှားပါးရေသတ္တဝါများ မျိုးမသုဉ်းစေရန်အတွက် ဝိုင်း၀န်းကာကွယ် ထိန်းသိမ်းကြရန်လိုအပ်ကြောင်း အသိပညာပေးပြောကြားပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ခရိုင်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးမဖမ်းရရာသီတွင် အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည့်အပြင် တားမြစ်ချက်များအား ပြည်သူများသိရှိလိုက်နာလာစေရန် အတွက် တိုင်းရင်းသားဘာသာများဖြင့် ဗီနိုင်းပိုစတာများကို လူစည်ကားရာနေရာများတွင် စိုက်ထူခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အဆိုပါတားမြစ်ချက်များအား လိုက်နာမှုမရှိပါက ကချင်ပြည်နယ်ရေချိုငါးလုပ်ငန်းဉပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)


