ကံမ ၄ ဇွန်
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်၌ ဧပြီလနှင့်မေလအတွင်း အပူချိန်မြင့်မားလာပြီး မိုးရွာသွန်းမှု မရှိခြင်းကြောင့် မြေသားမိုးရေလှောင်ကန်ကိုသာ မှီခိုနေရသော သောက်သုံးရေရှားပါးသည့် ကျေးရွာများတွင် သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် ကံမမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ဌာနပိုင်ရေသယ်ယာဉ်ဖြင့် သောက်သုံးရေ ဂါလန် စုစုပေါင်း ၂၇၂၀၀ ကိုလည်းကောင်း မီးသတ်ဦးစီးဌာန၊ အလှူရှင်များနှင့် ပူးပေါင်း၍ စုစုပေါင်းရေဂါလန် ၃၅၀၀၀ ကို လည်းကောင်း သောက်သုံးရေ ရှားပါးမှုဒဏ် ခံစားရသည့် ကျေးရွာများသို့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
"သောက်သုံးရေရှားပါးမှု ကြုံတွေ့ရသည့် ကျေးရွာများမှာ ဇီးဖြူကွင်း၊ ရွာသာလှ၊ သစ်မယ်ဇီ၊ ပြောင်ကျ၊ ပယ်ကျ၊ လဲလူကုန်း၊ ဒဂုံကွင်းကျေးရွာတို့ဖြစ်ပြီး အဆိုပါကျေးရွာများမှာ မြေအောက်ရေရရှိဖို့ ခက်ခဲ၍ မြေသားမိုး ရေလှောင်ကန်ကိုသာ မှီခိုအားထားရတဲ့ ရွာတွေဖြစ်တာကြောင့် ယခုလို အပူချိန်မြင့်မားလာပြီး မိုးမရွာတဲ့အခါ မြေသားရေကန်ထဲက ရေတွေ ခန်းခြောက်လာပြီး ရေနည်းပါးလာတဲ့အတွက် ဌာနပိုင်ရေသယ်ယာဉ်ဖြင့် သွားရောက်လှူဒါန်းခဲ့ကြောင်း၊ ရေပြတ်လပ်သည့် ဧပြီလမှစ၍ ယနေ့အထိ အလှူရှင်များနှင့် ပူးပေါင်း၍လည်း စုစုပေါင်း ရေဂါလန် ၆၂၂၀၀ ကိုလည်း ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း" ကံမမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရရှိန်ထံမှ သိရသည်။
သောက်သုံးရေဖြန့်ဝေလှူဒါန်းနိုင်ခဲ့မှုကြောင့် သောက်သုံးရေရှားပါးသည့် ကျေးရွာ ၇ ရွာရှိ အိမ်ခြေ ၈၆၀ အိမ်၊ လူဦးရေ ၃၃၃၀ တို့နှင့် ကျွဲ၊ နွားတိရိစ္ဆာန်တို့အတွက် သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေး ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရပါသည်။
မြကျော်ဇင်သန်း


