ဗန်းမော် ၄  ဇွန်    

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာမေဖြိုးဦးက ဦးဆောင်ကြီးကြပ်၍ ကွန်ပျူတာသိပ္ပံကျောင်းများနှင့် ကွန်ပျူတာနည်းပညာ ကျောင်းသားများ စုစုပေါင်း(၇)ဦးတို့သည် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် Temperature Scanning and Monitoring System Project အား အဝေးတိုင်းအပူချိန်ဖတ်သည့် စောင့်ကြည့်စနစ်နှင့် အနီးတိုင်းအပူချိန်ဖတ်သည့် စောင့်ကြည့်စနစ်ဟူ၍ System(၂)မျိုးကို ဇွန် ၃ ရက်နေ့က တီထွင်အောင်မြင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါစမ်းတီထွင်အောင်မြင်ခဲ့သော Temperature Scanning and Monitoring System Project အား အဝေးတိုင်းအပူချိန်ဖတ်သည့် စောင့်ကြည့်စနစ်ကို ဇွန် ၃ ရက် ညနေ ၃ နာရီခွဲက ဗန်းမော်လေဆိပ်သို့ ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာမေဖြိုးဦးနှင့် ကျောင်းသားများတို့က ပေးအပ်လှူဒါန်းခဲ့ရာ ဗန်းမော်လေဆိပ်တာဝန်ခံ ဦးကျော်ဆန်းလင်း(မန်နေဂျာ)နှင့် တာဝန်ရှိသူများတို့က လက်ခံရယူခဲ့ကြ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်က လာရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

 

ဒုတိယပါမောက္ခချုပ် ဒေါက်တာမေဖြိုးဦးနှင့် ကျောင်းသားများတို့သည် Temperature Scanning and Monitoring System Project ကို မေလ ၇ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ စမ်းသပ်တီထွင်ခဲ့ကြကာ တစ်ဦးချင်းစီ Digital Thermometer နှင့် တိုင်းစရာမလိုဘဲ Thermal Camera ဖြင့် ဖတ်၍ လူအများအား တစ်ချိန်ထဲ အပူချိန်တိုင်းတာပေးနိုင်ခြင်းနှင့် Monitor မှတစ်ဆင့် စောင့်ကြည့်ပေးနိုင်ခြင်း၊ ရုပ်ပုံနှင့်တကွ ကိုယ်ပူချိန်အား မှတ်တမ်းယူ သိမ်းဆည်းပေးသည့်အတွက် အချိန်းမရွေး Trace လိုက်နိုင်ခြင်း၊ လူလူချင်း ထိတွေ့မှုမရှိ၍ ရောဂါကူးစက်ခြင်းမှ ကင်းဝေးစေခြင်း၊ အချိန်ကုန်သက်သာစေ၍ တိကျသော ကိုယ်အပူချိန်အား တိုင်းတာအဖြေထုတ်ခြင်း၊ မည်သည့် နေရာမဆို Mobile Phone ဖြင့် ဝင်ရောက် စောင့်ကြည့်နိုင်ခြင်း အကျိုးကျေးဇူးများကို ရရှိနိုင်ကြောင်း ဒုတိယပါမောက္ခချုပ် ဒေါက်တာမေဖြိုးဦးထံမှ သိရသည်။

 

"ဒီ ကိုဗစ်-၁၉ ရောဂါကာလမှာ လူတွေ အပူချိန်တိုင်းတဲ့အခါမှာ လူလူချင်း ထိတွေ့မှု မရှိအောင် ရောဂါပိုးကူစက်ခြင်း ကင်းဝေးအောင် Thermal Camera နှစ်လုံးကို တီထွင်လိုက်တဲ့ အခါမှာ ကျွန်တော်တို့ အချိန်အားဖြင့် (၁)လကြာမြင့်ခဲ့ပါတယ်၊ ဒီတစ်လအတွင်းမှာ ကျွန်တော်တို့ အခက်အခဲမြောက်များစွာ ကျော်ဖြတ်ခဲ့ပြီးမှ ဒီ Thermal Camera နှစ်လုံးကို ရရှိခဲ့ပါတယ်၊ ဒီ Thermal Camera နှစ်လုံးဆိုရင် အဝေးထိန်း Thermal Camera နဲ့ အနီးကပ် Thermal Camera (၂)ခု ရှိပါတယ်၊ ဒီ Thermal Camera ကို လုပ်တဲ့အခါမှာ TV တွေ ဖုန်းတွေနဲ့ ဘယ် ဘယ်နေရာကနေ ကြည့်လို့ရအောင် ဖုန်းနဲ့ချိတ်ဆက်ဖို့အတွက် ရက်တော်တော်ကြာကြာ လေ့လာတီထွင်ခဲ့ရပါတယ်။ အဲ့နောက်မှာ ဒီဇိုင်းပိုင်းကို  သေချာပြုပြင်ထားပြီးတော့ အခုဆို ဗန်းမော်လေဆိပ်ကို လှူဒါန်းနိုင်ခဲ့တယ်၊ အခြား စစ်ဆေးရေးဂိတ်တွေ လိုအပ်နေတဲ့နေရာမှာ အပူချိန်တိုင်းကိရိယာ လိုအပ်ရင် ကျွန်တော်တို့ တီထွင်လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်" ဟု ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်)မှ တတိယနှစ် (ကွန်ပျူတာနည်းပညာ) မောင်နိုင်ဝင်းအောင် ကပြောသည်။

ကိန်းဖြူ(ပြန်/ဆက်)