မင်းဘူး  ၄  ဇွန် 

 

လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (ကိုဗစ်-၁၉) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေမှုကို အထောက်အကူပြုရန် ရည်ရွယ်၍ MPRL E&P ကုမ္ပဏီ ဝန်ထမ်း မိသားစုများစုပေါင်း၍ ရံပုံငွေတစ်ရပ်ထူထောင်ပြီး မင်းဘူးအထွေထွေရောဂါကုဆေးရုံကြီး၊ မန်းရေနံမြေ ထိစပ်ကျေးရွာများဖြစ်သည့် မန်းကျိုးနှင့် မယ်ဘေ့ကုန်းကျေးရွာ ကျန်းမာရေး ဆေးပေး ခန်းများအတွက် လိုအပ်သည့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို ဇွန်လ ၃ ရက်က လှူဒါန်းခဲ့သည်။ 

 

အဆိုပါ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်းမှုအခမ်းအနားကို မင်းဘူး အထွေထွရောဂါ ကု ဆေးရုံကြီးတွင် ကျင်းပခဲ့ပြီး ဆေးရုံအုပ်ကြီး ဒေါက်တာတင်ခိုင်၊ ဆေးရုံအုပ်ဒေါက်တာဆွေဆွေမြင့်နှင့် သက်ဆိုင်ရာဌာနအလိုက် အထူးကုဆရာဝန်ကြီးများ၊ MPRL E&P ၏ မန်းရေနံမြေ စီမံခန့်ခွဲရေး မန်နေဂျာနှင့် CSR လုပ်ငန်းအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာသားဖွားဆရာမများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြသည်။ 

 

လှူဒါန်းမှုတွင် စုစုပေါင်းကျပ် (၂၈) သိန်းတန်ဖိုးရှိ PPE ဝတ်စုံ (၁၆၀) စုံ၊ အဝတ်နှာခေါင်းစည်း (၅၀၀)၊ N 95 နှာခေါင်းစည်း (၂၀၀)၊ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း (၅၀၀၀)၊ လက်ဆေးဆပ်ပြာရည် ဘူး (၂၂၀) နှင့် လက်သန့်ဆေးရည်ဘူး (၂၂၀) တို့ကို မင်းဘူးအထွေထွေရောဂါကုဆေးရုံးကြီးနှင့် မင်းကျိုး၊ မယ်ဘေ့ကုန်းကျေးရွာ ကျန်းမာရေးဆေးပေးခန်းများတွင် အသုံးပြုရန် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ 

 

သတင်းစဉ်