မုံရွာ  ၄   ဇွန်

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးရာသီအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မြို့နယ်(၁၄)မြို့နယ်ရှိ သစ်တောဧရိယာအတွင်း စီးပွားရေးစိုက်ခင်း အမျိုးအစားဖြစ်သည့် ကျွန်းနှင့်ပျဉ်းကတိုး စိုက်ခင်း ဧက(၂၈၅၀) ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သိရသည်။

 

သစ်တောတွေပြန်လည်စိမ်းလန်းစေဖို့ အခုဘဏ္ဍာရေးနှစ်မှာလည်း ဧက(၂၈၀၀)ကျော်ကို မြို့နယ် (၁၄)မြို့နယ်က သစ်တောဧရိယာအတွင်းမှာ ပြန်လည်စိုက်ပျိုးသွားမှာဖြစ်ပါတယ်၊ အခုပျိုးပင်တွေ စုဆောင်း ထားပြီးပြီ၊ စိုက်ပျိုးဖို့အတွက် ကျင်းတူးတာတွေ၊ မြေဆွေးထည့်တာတွေလုပ်နေတယ်၊ မိုးကျတာနဲ့ စတင်စိုက်ပျိုးဖို့ အသင့်ပြင်ဆင်ထားပြီးပါပြီ ဟု စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကျော့ကျော့အောင် က ပြောသည်။   

 

စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စီးပွားရေးစိုက်ခင်း များတွင် တန်ဘိုးမြင့် သစ်အမျိုးအစားများဖြစ်သော ကျွန်းစိုက်ခင်း(၂၅၅၀)ဧကနှင့် ပျဉ်းကတိုးစိုက်ခင်း ဧက(၃၀၀)ကို မိုးရာသီကာလအတွင်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။    

      

ဝင်းဦး(ဇေယျာတိုင်း)