မန္တလေး ဇွန်

 

အရေးတကြီးဖြေရှင်းရန် လိုအပ်လာသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် မြန်မာ့ဇီဝမျိုးစုံ မျိုးကွဲများကို ကာကွယ်ရန်မှာ အရေးကြီးလှကြောင်း လူထုအား အသိပေးလှုံ့ဆော်ရန် မြန်မာ့မြင်မှုဆိုင်ရာ အနုပညာရှင်များ (visual artists) ထင်ပေါ်ကျော်ကြားသူများနှင့် သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများ (eco-champions) ဖန်တီးမှုအနုပညာ လက်ရာများပါဝင်သောတို့ကမ္ဘာအမည်ရ မာတီမီဒီယာ ဒစ်ဂျစ်တယ်ပြပွဲကို ပတ်ကြာ ကျင်းပပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးမှ သိရသည်။

 

မူလက အနုပညာပြပွဲ၊ ရုပ်ရှင်ပြသခြင်းနှင့် အခြားအခမ်းအနားများကို အစီအစဉ်အလိုက် ပြုလုပ်သွားရန် ရည်ရွယ်ထားသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့်ဒို့ကမ္ဘာသည် ဒစ်ဂျစ်တယ်ပြပွဲအဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။တို့ကမ္ဘာအမည်ရ မာတီမီဒီယာ ဒစ်ဂျစ်တယ်ပြပွဲကို ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံရှိ ၎င်း၏မိတ်ဖက်ပါတနာများမှ ရန်ပုံငွေမတည် ပေးထားပြီး ကဏ္ဍမျိုးစုံမှ ပညာရှင်များပါဝင်သော အွန်လိုင်းမှတစ်ဆင့် နှီးနှောဖလှယ်ပွဲကိုလည်း ဖေ့စဘွတ်တွင် ဇွန်လ ၁၅ ရက်မှ တိုက်ရိုက် (Live) ထုတ်လွှင့် ပြသသွားမည်ဖြစ်သည်။

 

ကမ္ဘာကြီးက ကိုရိုနာဗိုင်းရပ်စ်ကို အနိုင်ယူကျော်လွှားသွားမှာပါ။ ကျွန်တော်တို့တွေ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လက်တွဲလုပ်ဆောင်လေလေ ကိုရိုနာဗိုင်းရပ်စ်ကို မြန်မြန်အနိုင်ယူ ကျော်လွှားနိုင်လေလေပါပဲ။ အခုသဘာဝပတ်ဝန်းကျင်ပျက်စီးမှု ကပ်ဘေးအန္တရာယ်ဟာလည်း ဒီလိုပါပဲ။ ကျွန်တော်တို့တွေ ပူးပေါင်းပြီး အလျင်အမြန်ဖြေရှင်းကြဖို့ လိုပါတယ်ဟု ဥရောပသမဂ္ဂ သံအမတ်ကြီး Kristian Schmidt က ပြောကြားခဲ့သည်။

 

အဆိုပါပြပွဲတွင် နာမည်ကျော် မြင်မှုဆိုင်ရာ အနုပညာရှင် ထိန်လင်း၊ ကောင်းစု၊ ဇွန်မေဦး၊ မှတ်တမ်းဓာတ်ပုံဆရာ ခွန်လီ (Hkun Li) တို့လည်း ပါဝင်မည်ဖြစ်သည်။

 

နာမည်ကျော် သရုပ်ဆောင်များဖြစ်သော ဒေါင်း ဒေါ်ဆွေဇင်ထိုက် (Auntie Grace) နှင့် မအေးသောင်း တို့သည် ရာသီဥတုပြောင်းလဲမှုနှင့် သစ်တောများ၏ အရေးပါပုံ၊ တစ်ခါသုံး ပလတ်စတစ်အိတ် လျှော့ချသုံးစွဲခြင်း၏ အရေးပါပုံများကို အဓိကထား ရိုက်ကူးတင်ဆက်ထားသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးဗီဒီယိုများတွင် ပါဝင်သရုပ်ဆောင်ပေးသွားမည်ဖြစ်သည်။

 

မြင်မှုဆိုင်ရာအနုပညာများ (visual arts) အနုပညာစိတ်အခံဖြင့် ဖန်တီးတင်ဆက်သည့် အခင်းအကျင်းများ (installations) ပညာပေးဗီဒီယိုများ (educational videos)နှင့် သတင်း အချက်အလက်ရုပ်ပုံများ (infographic) ပြည်တွင်းနှင့် ပြည်ပ မှတ်တမ်းတင်ရုပ်ရှင်များအပါအဝင် ဇီဝမျိုးစုံ မျိုးကွဲများ ပျက်သုဉ်းမှု၊ တောပြုန်းမှု၊ ရာသီဥတု ပြောင်းလဲလာမှု၊ ပတ်ဝန်းကျင်ညစ်ညမ်း မှုတို့အား သိရှိနိုင်ရန် ရေးဆွဲဖန်တီးထားသော ချုံ့နိုင်ချဲ့နိုင်သော မြေပုံလွှာ (interactive map) ကို အွန်လိုင်းမှတစ်ဆင့် ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။

 

မေသက်ထား