နယူးယောက် ၄ ဇွန်
အမေရိကန် ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါက လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက် သေဆုံးမှုနဲ့ ပတ်သက်ပြီး နိုင်ငံတစ်ဝန်းက ဆန္ဒပြပွဲတွေကို နိမ်နင်းရန် တပ်တွေကို စေလွှတ်မှာ မဟုတ်ဘူးလို့ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။
သမ္မတက ဆန္ဒပြပွဲတွေ အဆုံးသတ်ရန် တပ်ကို စေလွှတ်မယ်လို့ တနင်္လာနေ့က ပြောဆိုပြီး နှစ်ရက်အကြာမှာ ကာကွယ်ရေးဝန်ကြီးက အခုလို ပြောကြားတာဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီးက ပင်တဂွန်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ စစ်တပ်ကို အသုံးပြုဖို့ဆိုတာ အလွန်ဆိုးရွားတဲ့ အခြေအနေကို ရောက်ပြီး နောက်ဆုံး ရွေးချယ်စရာ မရှိတော့မှသာ သုံးသင့်ကြောင်း၊ လက်ရှိ အခြေအနေဟာ စစ်တပ်ကို သုံးရမယ့် အခြေအနေ မဟုတ်သေးကြောင်း ပြောပါတယ်။
ဂျော့ချ်ဖလွိုက် သေဆုံးမှုဟာ ဆိုးရွားတဲ့ ရာဇဝတ်မှုဖြစ်ပြီး အဲဒီဖြစ်စဉ်မှာ ရှိနေတဲ့ အရာရှိတွေသာ သေဆုံးမှုကို တာဝန်ရှိသူတွေ ဖြစ်တယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်။
တနင်္လာနေ့က အိမ်ဖြူတော်အနီးမှ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို မျက်ရည်ယိုဗုံးနဲ့ ငရုပ်ကောင်း ဗုံးတွေ သုံးပြီး လူစုခွဲပြီးနောက် သမ္မတနဲ့အတူ ကာကွယ်ရေးဝန်ကြီးပါ အိမ်ဖြူတော်အနီးရှိ ခရစ်ယာန် ဘုရားကျောင်းကို သွားရောက်ခဲ့ပါတယ်။ ဘုရားကျောင်းတွင်းမှာ သမ္မတက ကျမ်းစာအုပ်ကို ကိုင်ပြီး ဓါတ်ပုံရိုက်ခဲ့တာကို သတင်းတွေမှာ တွေ့မြင်ရပါတယ်။
အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးက သူတို့ ခရစ်ယာန်ဘုရားကျောင်းကို သွားကြမယ်ဆိုတာ မသိခဲ့ဘူး၊ အဲဒီလို ဓါတ်ပုံရိုက်မယ်ဆိုတာလည်း မသိခဲ့ကြောင်း၊ တပ်တွေက အဲဒီလို လုပ်ဆောင်ခဲ့မယ် ဆိုတာကိုလည်း သူမသိခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။
MDN
ကိုးကား - AFP