ရန်ကုန်  ၄  ဇွန်                      

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၌ အာမခံအလုပ်သမား(၄၀၆၉)ဦးအား လူမှုဖူလုံရေး ထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀) ရာခိုင်နှုန်း ငွေကျပ်သိန်း(၇၂၀)ကျော် ခွင့်ပြုထုတ်ပေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က လူမှုဖူလုံရေးအဖွဲ့ရုံးတွင် ခွင့်ပြုထုတ်ပေးခဲ့သည်။

 

ခွင့်ပြုထုတ်ပေးရာတွင် မှော်ဘီမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလ စက်ရုံ၊ အလုပ်ရုံများအား ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းရေးအဖွဲ့မှ စစ်ဆေးသည့်ကာလအတွင်း ယာယီ ပိတ်သိမ်းထားခဲ့သော စက်ရုံ၊ အလုပ်ရုံများရှိ လူမှုဖူလုံရေးအဖွဲ့ အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံ အလုပ်သမားများအား ၂၀၁၂ ခုနှစ်၊လူမှုဖူလုံရေး ဉပဒေနှင့်အညီ ထည့်ဝင်ကြေးပေးသွင်းထားသော လူမှုဖူလုံရေးအဖွဲ့၏ သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီသည့် အလုပ်သမားများ၏ လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု (၄၀)ရာခိုင်နှုန်းကို လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်အဖြစ် လူမှု ဖူလုံရေးရန်ပုံငွေမှ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြို့နယ် လူမှုဖူလုံရေးရုံးခွဲ၊ ဦးစီးအရာရှိ ဒေါ်တင်လှမေ ထံမှ သိရသည်။

 

လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်သည့် အလုပ်ဌာန (၉)ဌာနမှ အာမခံအလုပ်သမား ၄၀၆၉ ဦးအား လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်း ငွေကျပ်သိန်း ၇၂၀ ကျော်ကို မြို့နယ်လူမှုဖူလုံရေးရုံးခွဲ၊ ဦးစီးအရာရှိ ဒေါ်တင်လှမေက စက်ရုံ၊ အလုပ်ရုံမှ တာဝန် ရှိသူများထံ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဇွဲထက်ကို၊ အေးသိန်း(ပြန်/ဆက်)