ညောင်ရွှေ   ၄   ဇွန်

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း သံသယဖြစ်ဖွယ် ဝက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဝက်နှင့် ဝက်ထွက်ပစ္စည်းများ တင်သွင်း၊ တင်ပို့၊ ရောင်းချမှုများကို ယာယီ ကန့်သတ်တားမြစ်ကြောင်း အသိပေးတားမြစ်ချက်ပိုစတာများကို ညောင်ရွှေမြို့နယ်အတွင်းရှိ အချက်အချာကျသည့် နေရာ ၁၆ ခုတွင် ဇွန် ၄ ရက် နံနက်ပိုင်းက စိုက်ထူခဲ့ကြောင်း သိရသည်။

 

အဆိုပါ အသိပေးတားမြစ်ချက်တွင် ညောင်ရွှေမြို့နယ်နှင့် နယ်မြေချင်း ဆက်စပ်လျက်ရှိသော တောင်ကြီး၊ ဟိုပုံး၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ပင်လောင်း၊ ဆီဆိုင်၊ ရပ်စောက်နှင့် ဖယ်ခုံမြို့ နယ်တို့တွင် တစ်မြို့နယ်မှတစ်မြို့နယ်သို့လည်းကောင်း၊ အဆိုပါမြို့နယ်များမှ ပြင်ပဒေသများသို့ လည်းကောင်း ဝက်နှင့်ဝက်ထွက်ပစ္စည်းများ တင်သွင်း၊ တင်ပို့၊ ရောင်းချမှုများကို ဇွန် ၁ ရက်မှစ၍ ယာယီကန့်သတ်တားမြစ်ကြောင်း၊ တားမြစ်ချက်များ ဖောက်ဖျက်ကျူးလွန်ကြောင်း တွေ့ရှိရပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် အာဖရိကဝက်အပြင်းဖျား ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ အသိပေးတားမြစ်ထားကြောင်း သိရသည်။

နေမျိုးသူရိန်