သထုံ ၄ ဇွန်
ဒေသတွင်း ငါးစားသုံးမှုဖူလုံစေရေးအတွက် ငါးသားပေါက် ကောင်ရေ ၈ သိန်းကျော်ကို သဘာဝရေပြင်အတွင်း အခမဲ့မျိုးစိုက်ထည့်ပေးသွားမည်ဖြစ်ကြောင်း သထုံမြို့ရှိ ပြည်နယ် ငါးလုပ်ငန်းစခန်းမှ သိရသည်။
ငါးမျိုးစိတ်များ ပြုန်းတီးမှု ကာကွယ်ရေး၊ ငါးသယံဇာတပေါများလာရေးနှင့် ပြည်သူများ အလွယ်တကူ ဖမ်းဆီးစားသောက်နိုင်ရေးအတွက် အခမဲ့မျိုးစိုက်ထည့်ပေးရခြင်းဖြစ်ကြောင်း စခန်းတာဝန်ခံ ဦးဝင်းဗိုလ်က ပြောသည်။
"ရေပြင်တွေမှာ ထည့်သွင်းပေးရာကနေ လယ်တွေချောင်းတွေဆီ ပြန့်သွားမယ် ဒါဆိုရှားပါးလာတဲ့ ငါးမျိုးစိတ်တွေကို ထိန်းသိမ်းရာလည်းရောက်မယ် လယ်မြေချောင်းမြောင်းတွေကနေ့ ပြည်သူတွေ ဖမ်းဆီးစားသောက်နိုင်တဲ့အတွက် သူတို့လည်း အဆင်ပြေသွားမယ်''ဟု ၎င်းက ပြောသည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးမျိုးများ စိုက်ထည့်ပေးခြင်းဖြင့် ပြည်သူများ၏ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းက ကူညီပေးနေသလို ပြည်သူများအနေဖြင့် နောင်တွင် ငါးများပေါများစွာ ပြန်လည်စားသုံးနိုင်ရန် ငါးရစ်ငါးသန်းကာလ ငါးမဖမ်းရ ရာသီတွင် ငါးဖမ်းဆီးခြင်းမပြုဘဲ ကူညီပေးစေလိုကြောင်း ဦးဝင်းဗိုလ်က ဆက်လက်ပြောသည်။
ယခုနှစ်အတွင်း မွန်ပြည်နယ်ငါးလုပ်ငန်းစခန်းမှ ငါးသားပေါက်ကောင်ရေ နှစ်ဆယ့်ငါးသိန်းသုံးသောင်းကျော် မွေးမြုထုတ်လုပ်ရန်လျာထားပြီး ယင်းအနက် ရှစ်သိန်းကျော်ကို အခမဲ့ငါးမျိုးစိုက်ထည့်ကာ ကျန်ငါးသားပေါက်များကို ငါးမွေးမြုရေးလုပ်ငန်း လုပ်ကိုင်သူတွေထံ သတ်မှတ်နှုန်းထားဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်ငါးလုပ်ငန်းစခန်း(သထုံ)အနေဖြင့် ငါးမျိုးစိတ်များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ရောင်းချပေးခြင်းတို့အပြင် ငါးမွေးမြူရေးလုပ်ငန်းကို စိတ်ဝင်စားသူများနှင့် လုပ်ငန်းရှင်များကိုယ်တိုင် ထုတ်လုပ်မွေးမြူနိုင်ရန်အတွက် မျိုးငါးမွေးမြူထိန်းသိမ်းခြင်း ဆေးထိုးသားဖေါက်မွေးမြူခြင်း ငါးစနစ်တကျမွေးမြူနည်း စသည့် နည်းပညာများကို သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ငါးမျိုးများစိုက်ထည့်ပေးရာတွင် ငါးမြစ်ချင်း၊ ငါးခုံးမကြီး၊ ရွှေဝါငါးကြင်း၊ ခေါင်းကြီးငါးကြင်း၊ ငါးကြင်းဖြူ ငါးသိုင်းခေါင်းပွ၊ တီလားဗီးယား၊ မြက်စားငါးကြင်း၊ ငါးတန်၊ ငါးမုတ် စသည့် ငါးမျိုးများကို မွန်ပြည်နယ်အတွင်းရှိ ဆည်မြောင်းတာတမံများ၊ လယ်ကြားမြောင်းများ၊ စပါးစိုက်ခင်းများ စသည့်သဘာဝရေပြင်များသို့ ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ငါးလုပ်ငန်းစခန်း(သထုံ)မှ သိရသည်။
သက်ဦး(သထုံ)


