နေပြည်တော် ၄ ဇွန်
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်နိုင်ရေးအတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့်ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယနေ့တွင် ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့၌ ရပ်နားဆိုက်ကပ်ထားသည့် အပျော်စီးသင်္ဘောများအနက် AIDAperla နှင့် AIDAblu သင်္ဘောနှစ်စင်းပေါ်တွင် (၂) လခန့်ကြာ သောင်တင်လျက်ရှိနေသည့် မြန်မာသင်္ဘောသား (၈၉) ဦးနှင့် ဂျာမနီနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၆) ဦး စုစုပေါင်း (၉၅) ဦးအား ဂျာမနီနိုင်ငံရှိ AIDA ကုမ္ပဏီမှ စီစဉ်ပေးသည့် အထူးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့နံနက် ၁၁၁၀ နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေးနှင့် (၂၁) ရက်တာ အသွားအလာကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြသည်။
နိုင်ငံတကာခရီးသည်တင်လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ်များ၊ အထူးလေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ယနေ့အချိန်ထိ မြန်မာနိုင်ငံသားစုစုပေါင်း (၂၉၂၉) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
Credit#နိုင်ငံခြားရေးဝန်ကြီးဌာန


