ရန်ကုန် ၄ ဇွန်
မြန်မာ့ရုပ်ရှင်ရာပြည့်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီ၊ ရာပြည့်မဂ္ဂဇင်း ထုတ်ဝေရေးဆပ်ကော်မတီနှင့် ပြိုင်ပွဲများကျင်းပရေးဆပ်ကော်မတီတို့၏ ညှိနှိုင်းအစည်းအဝေးများကို ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီ ပထမအကြိမ် အစည်းအဝေးတွင် ဆပ်ကော်မတီ ဥက္ကဋ္ဌ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်နှင့် ဆပ်ကော်မတီဝင်များက ရုပ်ရှင်နှစ်(၁၀ဝ)ပြည့် ပွဲတော်နှင့်ပတ်သက်၍ ပြည်သူလူထုအကြား ပျံ့နှံ့သိရှိစေရန်အတွက် Online Media များမှ ရုပ်ရှင်ရာပြည့်နှင့် ပတ်သက်သော Page တစ်ခု ထူထောင်ရေး၊ မြန်မာနိုင်ငံဂီတအစည်းအရုံးနှင့် ညှိနှိုင်း၍ ယခင်ကနာမည် ကျော်ကြားခဲ့သော ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းများ၊ မြန်မာသံစဉ် တေးသီချင်းများအပြင် ရုပ်ရှင်ရာပြည့်အတွက် သီချင်းသစ်များကို အရွယ်သုံးပါး ကြိုက်နှစ်သက်သည့် သီချင်းများရေးစပ်ရေး၊ ရုပ်ရှင်ဇာတ်ဝင်တေး သီချင်းများ၏ မူပိုင်ခွင့်ကိစ္စရပ်များ ကူညီဆောင်ရွက်ရေး၊ မြန်မာ့ရုပ်ရှင်ရာပြည့်အမှတ်တရအဖြစ် ယှဉ်ပြိုင်ကြသည့် ဇာတ်ဝင်တေးသီချင်များကို စုစည်း၍ တေးသီချင်း Album တစ်ခုထုတ်ဝေရေး၊ ရုပ်ရှင်ရာပြည့်နှင့် ပတ်သက်သော အမှတ်တရ ပစ္စည်းပြုလုပ်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ရာပြည့်မဂ္ဂဇင်း ထုတ်ဝေရေးဆပ်ကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို ကျင်းပရာ ဆပ်ကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးနှင့် ဆပ်ကော်မတီဝင်များက ရာပြည့်မဂ္ဂဇင်းရိုက်နှိပ် ထုတ်ဝေမှုအခြေအနေ၊ စာမူရရှိမှု အခြေအနေ၊ လုပ်ငန်းအဖွဲ့များဖွဲ့စည်းရေး၊ စာမူခချီးမြှင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ယင်းနောက် ပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို ဆက်လက်ကျင်းပရာ ဆပ်ကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက ဦးကြည်စိုးထွန်းနှင့် ဆပ်ကော်မတီဝင်များက မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ရုပ်ရှင်ဇာတ်လမ်းတိုပြိုင်ပွဲ၊ ကာတွန်းရုပ်ရှင်ပြိုင်ပွဲနှင့် မှတ်တမ်းရုပ်ရှင်ပြိုင်ပွဲများ ဖိတ်ခေါ်ကျင်းပရေး၊ ပြိုင်ပွဲများကို မြန်မာ့ရုပ်ရှင်ရာပြည့် အခမ်းအနား ကျင်းပရေး ရည်ရွယ်ချက် (၃)ရပ်နှင့်အညီ ဖိတ်ခေါ်ကျင်းပရေး၊ ဆုများစနစ်တကျ ရွေးချယ်နိုင်ရေးအတွက် သက်ဆိုင်ရာ ပုဂ္ဂိုလ်များပါဝင်သည့် စိစစ်အကဲဖြတ်အဖွဲ့ကို ဖွဲ့စည်းပြီး ဆုများစနစ်တကျ ရွေးချယ်ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ဥမ္မာ၊ ရီရီ


