နေပြည်တော် ၄ ဇွန်
ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အာဆီယံစီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေးနှင့် အာဆီယံအပေါင်းသုံး စီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေးတို့ကို ယနေ့တွင် Video Conferencing ဖြင့်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ပါဝင်တက်ရောက်သည်။
အာဆီယံစီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေးနှင့် အာဆီယံအပေါင်းသုံး စီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေးတို့တွင် ဗီယက်နမ်နိုင်ငံ၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး H.E. Mr. Tran Tuan Anh က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်သည်။ အာဆီယံ စီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့အပြင် အာဆီယံစီးပွားရေး အကြံပေးကောင်စီမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်သည်။
အာဆီယံအပေါင်းသုံး စီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေးသို့ အာဆီယံ စီးပွားရေးဝန်ကြီးများနှင့် အပေါင်းသုံးနိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံများမှ စီးပွားရေးဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
နံနက်ပိုင်းတွင် ကျင်းပသည့် အာဆီယံစီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေး၏ ပထမပိုင်းအစီအစဉ်အဖြစ် အာဆီယံစီးပွားရေး အကြံပေးကောင်စီနှင့် မိတ်ဖက်စီးပွားရေးကဏ္ဍ အဖွဲ့အစည်းများက တင်ပြသည့် ပူးတွဲကြေညာချက် COVID-19 in ASEAN: A call for action on dealing with the crisis in post-pandemic economic recovery အပေါ် ဝန်ကြီးများက ဆွေးနွေးအကြံပြုခဲ့ကြသည်။
အစည်းအဝေး၏ ဒုတိယပိုင်းအစီအစဉ်အဖြစ် အာဆီယံစီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ ဝန်ကြီးများက မိမိတို့နိုင်ငံအလိုက် ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ထိခိုက်သည့် စီးပွားရေးကဏ္ဍများအပေါ် ကုစားသည့်အစီအစဉ်များကို ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြပြီး အာဆီယံနိုင်ငံများအကြား ကျန်းမာရေးနှင့် လူမှု-စီးပွားရေး ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များအားလည်းကောင်း၊ ဒေသတွင်းထုတ်လုပ်မှု ကွင်းဆက်များ ခိုင်မာအားကောင်းစေရေးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် လည်းကောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် စီးပွားရေးဝန်ကြီးများက ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၄ ရက်တွင် ကျင်းပခဲ့သည့် အာဆီယံ အထူးထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်များ၏ လမ်းညွှန်ချက်များနှင့်အညီ ရေးဆွဲအကောင်အထည်ဖော်မည့် ဟနွိုင်းရှေ့လုပ်ငန်းစဉ် (Hanoi Plan of Action on Strengthening ASEAN Economic Cooperation and Supply Chain Connectivity in Response to the COVID-19 Pandemic) ကို အတည်ပြုခဲ့ကြသည်။
ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက မြန်မာနိုင်ငံတွင် အစိုးရနှင့် ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းအားဖြင့် ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်နေမှုများ၊ စီးပွားရေး ထိခိုက်မှုများကို ကုစားနိုင်ရန်အတွက် ကိုဗစ်-၁၉ စီးပွားရေး ကုစားရေးအစီအစဉ်ကို ရေးဆွဲချမှတ်၍ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ပြီး၊ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် ဆေးဝါးများနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ တင်သွင်း၊ တင်ပို့မှုလုပ်ငန်းများနှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် ထုတ်လုပ်မှုကွင်းဆက် ခိုင်မာချောမွေ့စေရေးအတွက် နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် အာဆီယံ အပေါင်းသုံး စီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ ဝန်ကြီးများက အာဆီယံအပေါင်းသုံး အထူးထိပ်သီး အစည်းအဝေးတွင် ခေါင်းဆောင်များ၏ ညွှန်ကြားချက်အတိုင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပွားသော စီးပွားရေးထိခိုက်မှုများကို လျှော့ချနိုင်ရေးအတွက် ဆက်လက်ပူးပေါင်း အကောင်အထည်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။
ထိုသို့ဆွေးနွေးရာတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန်အတွက် ဒေသတွင်းဈေးကွက်ကို ဆက်လက် ဖွင့်လှစ်ထားရှိရန် အရေးကြီးမှု၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ လွတ်လပ်စွာ စီးဆင်းနိုင်ရေးအတွက် အကောက်ခွန် မဟုတ်သည့် အတားအဆီးများ ဖယ်ရှားရန် လိုအပ်မှု၊ စီးပွားရေးလုပ်ငန်းရှင်များ ရွှေ့ပြောင်းသွားလာမှုအတွက် ကန့်သတ်ချက်များ ဖြေလျှော့ရန်လိုအပ်နေမှု အပါအဝင် အာဆီယံအပေါင်းသုံး အရေးပေါ်အရံဆန် ထားရှိဆောင်ရွက်မည့် အစီအစဉ်ကို အကျိုးရှိစွာအသုံးပြုရေးအတွက် ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အပါအဝင် စီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့် ကဏ္ဍများကို ပံ့ပိုးပေးသည့် အစီအမံများကို လည်းကောင်း၊ ဒေသတွင်းထုတ်လုပ်မှု ကွင်းဆက်များ ပိုမိုခိုင်မာစေရေးနှင့် ကိုဗစ်-၁၉ နှင့်စပ်လျဉ်းသည့် စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ရေးတို့ကိုလည်းကောင်း အလေးထား ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် ဝန်ကြီးများက ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ဖြစ်ပွားသော စီးပွားရေးထိခိုက်မှုများကို လျှော့ချနိုင်ရေး အာဆီယံ အပေါင်းသုံး စီးပွားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက် (ASEAN Plus Three Economic Ministers’ Joint Statement on Mitigating the Economic Impact of the COVID-19) ကို အတည်ပြု ထုတ်ပြန်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက အာဆီယံနှင့် အပေါင်းသုံးနိုင်ငံ ခေါင်းဆောင်များ၏ လမ်းညွှန်ချက်အရ ထုတ်လုပ်မှု ကွင်းဆက်များ ဆက်လက်ဖွင့်လှစ်ထားရှိရန် လိုအပ်မှု၊ ဆေးဝါး၊ စားသောက်ကုန်များအပါအဝင် အရေးကြီးကုန်စည်များ ကုန်သွယ်မှုတွင် လွယ်ကူချောမွေ့စေရေး ဆောင်ရွက်မှုနှင့် အရေးကြီးကုန်စည်များအား ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့နှင့်နိုင်ငံတကာ စည်းမျဉ်းများနှင့်အညီ ကုန်စည်များ လွတ်လပ်စွာ စီးဆင်းရေးအတွက် အကောက်ခွန်မဟုတ်သည့် အတားအဆီးများ ဖယ်ရှားရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးသည်။ ထို့အပြင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေး ဆောင်ရွက်မှုများ၊ ထိခိုက်မှု အများဆုံးခံစားရသည့် စီးပွားရေးကဏ္ဍများအတွက် လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရန်အတွက် အစိုးရ၏ ပံ့ပိုးဆောင်ရွက်မှုများ၊ ကူးစက်ရောဂါအလွန် စီးပွားရေး ပြန်လည်တိုးတက်ရေးဆောင်ရွက်မည့် အစီအမံများနှင့် ဒေသတွင်းနိုင်ငံများ၊ အဖွဲ့အစည်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး၊ ကုသရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆွေးနွေးသည်။
အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ အာဆီယံ အဆင့်မြင့်စီးပွားရေးအရာရှိ ဦးသန်းအောင်ကျော်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်


