နေပြည်တော် ၄ ဇွန်

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန် ၃ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက်၊ ဗုဒ္ဓမော်ကျောင်းတိုက်၊ ဆုတောင်းပြည့်ကျောင်းတိုက်၊ ဆည်ကြီးကျောင်းတိုက်၊ ဃောသိတာရုံကျောင်းတိုက်၊ အမျိုးသားကျောင်းတိုက်၊ ဂရုချောင်းကျောင်းတိုက်၊ ဝိဘဇ္ဇဝါဒီကျောင်းတိုက်၊ မဟာမုနိဗုဒ္ဓဝိဟာရကျောင်းတိုက်၊ မဟာဇေယျာ သိဒ္ဓိပဌာန်းကျောင်းတိုက်၊ တေဇရာမ ကမဌာန်းကျောင်းတိုက်၊ နန်းရွှေဂူကျောင်းတိုက်၊ ဓမ္မရာမကျောင်းတိုက်၊ ဒက္ခေါင်းကျောင်းတိုက်၊ မဟာသိမဝံသဘုရားများသိမ်၊ မဏိရတနာ ကျောင်းတိုက်၊ မဟာဝိဇယာရာမကျောင်းတိုက်၊ မဟာအောင်မြေဘုံကျောင်းတိုက် စုစုပေါင်း ယာယီတိုက်ပွဲရှောင်စခန်း (၁၈)ခုသို့ သွားရောက်၍ လက်သန့်ဆေးရည် (၆၁၁)ဘူးအား သွားရောက်ထောက်ပံ့ခဲ့သည်။

 

အလားတူ ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်ရှိ ဂျော်(၁)၊ နေဝန်းနီနှင့် စိန့်သောမတ် စုစုပေါင်း IDP စခန်း (၃)ခုသို့သွားရောက်၍ Hand Speaker (၃)ခုနှင့် COVID-19 အသိပညာပေး အသံဖိုင်ထည့်သွင်းထားသော Memory Stick (၃)ခုတို့ကို သွားရောက်ထောက်ပံ့ခဲ့သည်။

 

ထို့အတူ ယနေ့တွင်လည်း ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်ရှိ ဂျော်(၂)၊ ပန်လုံ၊ မိုင်းဝီးစခန်းများနှင့် ကွတ်ခိုင်မြို့နယ်ရှိ ပန်ကူ၊ မုံးစီးကာသိုလိပ်ဘုရားကျောင်း၊ မုံးစီးပန်ယန်ခါး စုစုပေါင်း IDP စခန်း(၆)ခုသို့သွားရောက်၍ Hand Speaker (၆)ခုနှင့် ကိုဗစ်-၁၉ အသိပညာပေး အသံဖိုင်ထည့်သွင်းထားသော Memory Stick (၆)ခုတို့ကို သွားရောက်ထောက်ပံ့ခဲ့သည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင်  အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်