မင်းတုန်း ၅ ဇွန်
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေရှားမှုမရှိစေရေး အင်းဗျက်ကျေးရွာအုပ်စု၊ အင်းဗျက်ကျေးရွာတွင် သောက်သုံးရေကန်အဖြစ် မှီခိုအားထားရသော မြေသားမိုးရေလှောင်ကန် ပြန်လည်ပြုပြင်တူးဖော်ခြင်းလုပ်ငန်းကို မေလ ပထမပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက သိရသည်။
အဆိုပါကျေးရွာ မြေသားမိုးရေလှောင်ကန်ပြုပြင်ခြင်းလုပ်ငန်းအား အလျား ပေ ၁၅၀၊ အကျယ်ပေ ၁၅၀၊ အနက် ၆ ပေ တိုးချဲ့ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းကို ယခုဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၆ သန်းဖြင့် မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အင်းဗျက်ကျေးရွာသည် မြေသားမိုးရေလှောင်ကန်ကိုသာ အဓိက မှီခိုအားထားရသည့် ကျေးရွာဖြစ်ကြောင်း၊ ယခုအခါမှာ မိုးရေသိုလှောင်နိုင်မှု နည်းပါးခြင်းနှင့် ရေဝပ်ဧရိယာကောင်းမွန်ခြင်း မရှိတာကြောင့် ပြန်လည်ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဲဒီကျေးရွာမှာ GP Survey အတိုင်းတာချက်များအရ မြေအောက်အဝီစိစက်ရေတွင်း တူးဖော်၍ မရရှိနိုင်တာကြောင့် မြေသားမိုးရေလှောင် ကန်များကိုသာ အဓိက မှီခိုအားထားရကြောင်း မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်က ပြောသည်။
စိုးမိုးကျော်


