ဒီးမော့ဆို  ၅  ဇွန်

 

ဒီးမော့ဆိုမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော လယ်ယာကုန်ထုတ်လမ်းနှင့် ရေပေးရေးလုပ်ငန်းများအား ပြည်နယ်ဝန်ကြီး ဦးဘော့စ်ကိုနှင့် တာဝန်ရှိသူများက  ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုနှင့် တာဝန်ရှိသူများသည် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးကျေးရွာရှိ အပိုင်း(၁) လယ်ယာကုန်ထုတ်လမ်း အရှည် ၃ မိုင် ၂ ဒသမ ၆၁ ဖာလုံနှင့် အပိုင်း(၂) လယ်ယာကုန်ထုတ်လမ်း အရှည် ၂ မိုင် ၆ ဒသမ ၀၁ ဖာလုံ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် အချိန်မီပြီးစီးရေးအတွက် ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

 

အဆိုပါ ကုန်ထုတ်လမ်းများပြီးစီးပါက ဒေသခံပြည်သူများ စိုက်ပျိုးသော နှမ်းစိုက်ဧက ၇၂၀ ခန့်အတွက် သီးနှံများ လွယ်ကူလျင်မြန်စွာ သယ်ယူနိုင်မည်ဖြစ်ပြီး ကျေးလက်ဒေသများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ဒေါကော့၊ ဒေါတချနှင့် ဒေါဖာကျေးရွာတို့တွင် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဒေါတချရွာသစ်ကျေးရွာအတွက် ရေဂါလန် ၂၃၅၀၀ ဆံ့ ရေစုကန်တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် လမ်းအရှည် ၂ မိုင် ၃ ဒသမ ၅ ဖာလုံရှိ ဘိုးလျားကျေးရွာ လယ်ယာ ကုန်ထုတ်လမ်းနှင့် ရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ရီရယ်(ဒီးမော့ဆို)