ရန်ကုန်   ၅   ဇွန်

ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် အမှတ်(၃၅)စက်မှုလယ်ယာစခန်း ထောက်ကြန့်မှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း တောင်သူလယ်သမားများ သီးနှံများအချိန်မီစိုက်ပျိုး နိုင်ရေးအတွက် လယ်ထွန်ယက်ခြင်း ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် နာရီက မှော်ဘီမြို့နယ် မြို့မ(၂)ရပ်ကွက် တောင်သူ ဦးလှသောင်း၏လယ်မြေတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

ယခု မိုးစပါးများ စိုက်ပျိုးချိန်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ထွန်ယက်စိုက်ပျိုးရန် အခက်အခဲ ဖြစ်နေသော တောင်သူလယ်သမားများ သီးနှံများ အချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် အမှတ် (၃၅) စက်မှုလယ်ယာစခန်း၊ ထောက်ကြန့်မှ ထွန်စက်ကြီး(၁၅)စီးဖြင့် မှော်ဘီမြို့နယ်၊ လှည်းကူးမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံ(တောင်)မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့)မြို့နယ်များတွင် စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများက လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထို့ပြင် အဆိုပါဌာနအနေဖြင့် ထွန်စက်ကြီးများဖြင့် မြေယာပြုပြင်ခြင်း၊ ထွန်ယက်ခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပေးခြင်း၊ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြင်း၊ လယ်ယာသုံးစက်ကိရိယာများ ကိုင်တွယ်မောင်းနင်ထိန်းသိမ်းမှု သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်း၊ ကောက်စိုက်စက်သရုပ်ပြပွဲ၊ ကောက်ရိုးထုံးစက်သရုပ်ပြပွဲ စသည်ဖြင့် နည်းပညာများ ဖြန့်ဝေပေးခြင်းနှင့် တောင်သူပိုင်စက်ကိရိယာများ ပြုပြင်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင်၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ထံမှ သိရသည်။

ဇွဲထက်ကို၊ဇင်ငြိမ်းအိ(ပြန်/ဆက်)