ဆော ၅ ဇွန်
မကွေးတိုင်းဒေသကြီး၊ ဆောမြို့၌ ပြည်ပမှပြန်လာသူများအား အသွားအလာကန့်သတ် စောင့်ကြည့် နိုင်ရန် အသုံးပြုခဲ့သည့် ဆောမြို့အထကကျောင်းရှိ စာသင်ဆောင်များအား ပိုးသတ်ဆေး ဖျန်းခြင်းကို ယနေ့နေ့ နံနက် ၁၀ နာရီခွဲက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ပိုးသတ်ဆေးဖျန်းရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲဉက္ကဋ္ဌ ဦးချစ်သန်းနှင့် တပ်ဖွဲ့ဝင်များ၊ သီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီညီညွန့်နှင့် ရပ်ကျေး အဖွဲ့ဝင်များ ပူးပေါင်း၍ ပြည်ပမှပြန်လာသူများအား Quarantine ထားရှိခဲ့သည့် စာသင်ဆောင်များ၌ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ဆောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် ပြည်ပနိုင်ငံများမှ ပြန်လာသူများအား အထကကျောင်း၌ အသွားအလာကန့်သတ်၍ ကျန်းမာရေးစောင့်ရှောက်ခြင်းများကို ဆောင်ရွက်ခဲ့ရာ ဇွန် ၃ ရက်တွင် ပြန်လာသူအားလုံး သတ်မှတ်ထားသည့်စောင့်ကြည့်ရက် ပြည့်ပြီးဖြစ်ကြောင်း၊ ယခုအခါ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်သောကြောင့် ပညာရေးဌာနသို့ ပြန်လည်အပ်နှံပေးနိုင်ရန် ပိုးသတ်ဆေးဖျန်းခြင်းများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ ပြည်ပနိုင်ငံများ ပြန်လည်ရောက်ရှိလာသူများအား မိုးကုတ်ရိပ်သာတွင် ဆက်လက်ထားရှိပြီး ဇွန် ၄ ရက်အထိ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ ကျား ၂ ဦး၊ မ ၁ ဦးနှင့် တရုတ်နိုင်ငံမှ ပြန်လည် ရောက်ရှိလာသူ ကျား ၅ ဦး၊ မ ၂ ဦး စုစုပေါင်း ၁၀ ဦးရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဇော်မျိုးသန့်(ဆော)


