လဟယ် ၅ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လဟယ်မြို့နယ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံ ကိန်းဖြင့် ကျေးရွာ ၁၆ ရွာအား လျှပ်စစ်မီး ၁၀၀ ရာခိုင်နှုန်းပြည့်ရရှိပြီဖြစ်ကြောင်း လဟယ်မြို့ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။
အဆိုပါ လုပ်ငန်းကို အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း International Competitive Building (ICB-2) ဖြင့် ကျေးရွာ ၁၁ ရွာမှာ ခါးလယ်၊ ညှင်းရှောင်၊ လုံးခင်၊ ဝုထ၊ ဟွေကွန်၊ ယွန်းတိုင်း၊ ဝေလံ၊ ကီပါနောက်ကုန်း၊ ကူကူးနောက်ကုန်း၊ ပုံညို၊ တိုက်ရံ စသည့်ကျေးရွာများ လျှပ်စစ်မီးရရှိပြီ ဖြစ် ပါကြောင်း၊ အလားတူ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (ICB-3) ဖြင့် ကျေး ရွာ ၅ ရွာမှာ လုံဝသိင်္ခ၊ နောက်လော်၊ ကုန်းလမ်း၊ အာရ်ကျိန်၊ ခါးငွေ့ ကျေးရွာ စသည့်ကျေးရွာ ၁၆ ရွာတွင် အိမ်မီးနှင့် လမ်းမီးများ လျှပ်စစ်မီးရရှိ နေပြီဖြစ်ပါကြောင်း၊ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(ICB-4) တွင်လည်း ကျေးရွာ ၂၀ မီးလင်းရေး ဆောင်ရွက်ရန် လျာထားပါကြောင်း၊ လဟယ်မြို့နယ် ဦးစီးမှူး ဦးခေါင်းပေါ့ က ပြောကြားသည်။
လဟယ်မြို့နယ်တွင် ကျေးရွာ ၉၆ ရွာရှိပြီး၊ ယခု စီမံကိန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ရာ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၅၀,၀၀၀ ဖြင့် ကျေးရွာမီး လင်း ရေးလုပ်ငန်းများ ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျေးရွာ ၁၆ ရွာမှ အိမ်ထောင်စု ၁၁၇၇ စု၊ လူဦးရေ ၇၅၁၄ ဦးတို့အတွက် မီးရရှိ ရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပြီဖြစ်ပါကြောင်း လဟယ် မြို့ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးခေါင်းပေါ့ ပြောကြားသည်။
မွှေးကြူဇင်(မုံရွာကိုယ်ပွား)


