နေပြည်တော် ၅ ဇွန်
၂၀၂၀ပြည့်နှစ်အတွက် အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် Online Conferencing ဖြင့် ကျင်းပရာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က အစည်းအဝေးတွင် ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်သည်။
အစည်းအဝေးတွင် အာဆီယံဒေသတွင်းနိုင်ငံများအတွင်း ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုလျှော့ချနိုင်ရန် (၅)နှစ်လျှင်တစ်ကြိမ်ကျ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည့် လုပ်ငန်းအစီအစဉ်အရ ၂၀၂၁-၂၀၂၅ အတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် ၂၀၁၆-၂၀၂၀ လုပ်ငန်းအစီအစဉ်ကို အကောင်အထည်ရာတွင် ရရှိခဲ့သည့် အတွေ့အကြုံများ၊ သင်ခန်းစာဖော်ထုတ်ချက်များ၊ စိန်ခေါ်မှုများ၊ ကွာဟချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် အချိန်လျာထားချက်များကို အဖွဲ့ဝင်နိုင်ငံများအကြား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ ပူးတွဲဥက္ကဋ္ဌများ ဖြစ်သည့် မြန်မာနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့နှင့်အတူ အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘရူနိုင်းဒါရူဆလင်၊ လာအို၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


