နေပြည်တော် ၅ ဇွန် 

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာလအတွင်း ကျင်းပသွားဖွယ်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော ကာလဖြစ်သည့်အတွက် မဲဆန္ဒရှင်များပြားသည့် မဲရုံများအတွက် မဲရုံအရေအတွက်တိုး၍ ဆောင်ရွက်သွားရန်လျာထား စီစဉ်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။

 

“ကိုဗစ်ကာလ ဖြစ်နေတဲ့အတွက် မျှော်မှန်းတွက်ဆတာ တစ်ခုက မဲဆန္ဒရှင် ၂၀၀၀၊ ၃၀၀၀ များနေတဲ့ နေရာတွေကို ထပ်ပြီးခွဲမလားဆိုတာတွေကိုလည်း အသေးစိတ် လုပ်နေပါတယ်” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ယမန် နေ့က ပြုလုပ်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ နှင့် စပ်လျဉ်း၍ သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

 

ကိုဗစ်−၁၉ ရောဂါ ဖြစ်စဉ်ကြောင့် ပြည်ပနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများမှ မြန်မာနိုင်ငံသားများနှင့် ရွှေ့ပြောင်းအလုပ်သမားများသည် ၎င်းတို့၏ နေရာဒေသ အသီးသီးသို့ ပြန်လည်ဝင်ရောက်လျက်ရှိပြီး ၎င်းမဲဆန္ဒရှင်များကို အခြေခံ မဲဆန္ဒရှင် စာရင်းတွင် စိစစ်ထည့်သွင်းသွားရန်အတွက်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဆောင်ရွက်လျက်ရှိသည်။

 

လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံအတွင်း ကူးစက်ပျံ့နှံ့မှုများ ရှိနေသည့်အတွက် ရွေးကောက်ပွဲ ကျင်းပနိုင်ဖွယ် ရှိမရှိနှင့် စပ်လျဉ်း၍ သုံးသပ်ပြောဆိုမှုများစွာ ရှိနေသည်။

 

သို့သော် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က “ရွေးကောက်ပွဲ ကျင်းပမယ့်ရက်က အရင်ကျင်းပခဲ့တဲ့အတိုင်း နိုဝင်ဘာလထဲမှာပဲ ဖြစ်မှာပါ။ ကျင်းပမယ့် ရက်ကလည်း လိုပါသေးတယ်။ ပြောင်းလဲမှု မရှိပါဘူး။ အရင်ပြောထားသလို နိုဝင်ဘာလထဲမှာပဲ  ကျင်းပသွားမှာပါ။” ဟု ပြောကြားသည်။

 

၂၀၁၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၇ ရက်တွင် ကျင်းပခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပရန် ၂ လနှင့် ၂၄ ရက်အလိုတွင် ကျင်းပမည့်ရက်ကို ထုတ်ပြန် ကြေညာခဲ့ကြောင်း၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့ပြီး ရွေးကောက်ပွဲကျင်းပရန် လေးလအလိုတွင် ကျင်းပမည့်ရက်ကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၂၀ အထွေအထွေ ရွေးကောက်ပွဲအတွက် ၂၀၁၉ ခုနှစ်ကို မဲစာရင်းပြုစုသည့် နှစ်အဖြစ်သတ်မှတ်ပြီး အခြေခံမဲဆန္ဒရှင် စာရင်းကို ပြုစုထားပြီးဖြစ်ကြောင်း အဆိုပါကော်မရှင်မှ သိရသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်းကို ၂၀၁၉ ခုနှစ် ဇွန်လက ကောက်ယူပြုစုခဲ့ပြီး ဥပဒေနှင့်အညီ  လွတ်လပ်ရမည်၊ ဥပဒေနှင့်အညီ မျှတရမည်၊ ပွင့်လင်းမြင်သာမှုရှိစေရမည်၊ အများယုံကြည်လက်ခံနိုင်မှု ရှိစေရမည်၊ မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒနှင့် မဲရလဒ် တစ်ထပ်တည်းဖြစ်စေရမည် ဟူသည့် စံငါးချက်ဖြင့် ရွေးကောက်ပွဲ ကျင်းပသွား မည်ဖြစ်ကြောင်း အဆိုပါကော်မရှင်မှ သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော ကာလဖြစ်သည့်အတွက် မဲဆန္ဒရှင်များ ဆန္ဒမဲပေးရာတွင် အဆင်ပြေစေရန် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ် နှင့် မဲရုံများ  သတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၂ရက်မှ ၄ ရက်အထိ နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၌ ပြုလုပ်ခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့သည်။ 

 

ကေတာ