၅ ဇွန်
COVID-19 Fund မှ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း (၃၇၆) ခုအတွက် ချေးငွေ ကျပ် ၁၂ ဘီလီယံကျော် ထုတ်ချေးထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။
COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီအနေဖြင့် COVID-19 Fund မှတစ်ဆင့် ချေးငွေများ ထုတ်ချေးလျှက်ရှိရာ ပထမ အကြိမ်မှ ပဉ္စမအကြိမ်ထိ စီးပွားရေး လုပ်ငန်းပေါင်း ၁၀၀၀ ကျော်ရှိသည့်အနက် ဟိုတယ်လုပ်ငန်း (၂၂၈) ခု အတွက် ချေးငွေပမာဏ ကျပ် (၁၀,၀၈၄,၉၀၀,၀၀၀) နှင့် ခရီးသွားလုပ်ငန်း (၁၄၈) ခုအတွက် ချေးငွေ ပမာဏ ကျပ် (၂,၇၄၁,၀၀၀,၀၀၀) ကို ချေးငွေထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြောင့် လတ်တလော စီးပွားရေးထိခိုက်မှုအများဆုံး ခံစားရသောလုပ်ငန်းကဏ္ဍများဖြစ်သည့် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများနှင့် အသေးစား ၊အလတ်စား စီးပွားရေး လုပ်ငန်းများကို ဦးစားပေးကုစားရမည့် ကဏ္ဍအဖြစ် သတ်မှတ်၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေမှ ကျပ် ၅၀ ဘီလီယံနှင့် လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ် ၅၀ ဘီလီယံ စုစုပေါင်း ကျပ် ၁၀၀ ဘီလီယံကို ကနဦး မတည်ငွေ COVID-19 Fund အဖြစ် ထူထောင်ထားသည်။
ယင်းအနက် ဧပြီ ၉ ရက်ကစ၍ ဇွန် ၂ ရက်အထိ သုံးလအတွင်း လုပ်ငန်း ၁၀၁၆ ခုအတွက် ကျပ် ၃၇ ဒဿမ ၅၅၀၉ ဘီလီယံ ထုတ်ချေးထားကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။
ထိုသို့ ထုတ်ချေးရာတွင် ပထမအသုတ်တွင် လုပ်ငန်းပေါင်း ၈၅ ခု အတွက် ကျပ် ၅ ဒဿမ ၆၉၆၈ ဘီလီယံ၊ ဒုတိယအသုတ်တွင် လုပ်ငန်းပေါင်း ၁၁၃ ခုအတွက် ကျပ် ၄ ဒဿမ ၄၉၅ ဘီလီယံ ၊ တတိယအသုတ်တွင် လုပ်ငန်းပေါင်း ၁၁၁ ခုအတွက် ကျပ် ၃ ဒဿမ ၅၄၆၆ ဘီလီယံ၊ စတုတ္ထအသုတ်တွင် လုပ်ငန်းပေါင်း ၄၁၇ ခုအတွက် ကျပ် ၁၅ ဒဿမ ၀၇၉ ဘီလီယံနှင့် ပဉ္စမအသုတ်တွင် လုပ်ငန်းပေါင်း ၂၉၀ ခုအတွက် ကျပ် ၈ ဒဿမ ၇၃၃၅ ဘီလီယံ ရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ချေးငွေထုတ်ယူခွင့်ရရှိသူများကိုလည်း ဘဏ်လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ ချေးငွေထုတ်ပေးရာတွင် ဘဏ်တစ်ခုခု၌ တရားစွဲဆို ခံထားရသည့် လုပ်ငန်းဖြစ်ပါက ချေးငွေများ ထုတ်ပေးမည် မဟုတ်ပါကြောင်းနှင့် ကျန်ရှိသည့် လျှောက်လွှာများအား ချေးငွေများ ဆက်လက် ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။
COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီကို မတ် ၁၃ ရက်က ဖွဲ့စည်းခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်လျှက်ရှိသည်။
ငြိမ်းငြိမ်း


