ရန်ကုန် ၅ ဇွန်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် တည်ဆောက်သည့် ဒလမြို့နယ် ကျန်းမာရေးဝန်ထမ်း အိမ်ရာရပ်ကွက် နဝရတ်လမ်းနှင့် အင်ကြင်းလမ်းထောင့်ရှိ (၆)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာအသစ် တည်ဆောက် ခြင်းလုပ်ငန်းများ ပြီးစီး၍ ယနေ့ မွန်းလွဲ ၃ နာရီက လုပ်ငန်းအပ်နှံခြင်းကို အဆိုပါ ဝန်ထမ်းအိမ်ရာ အဆောက်အဦတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ဝန်ထမ်းအိမ်ရာ အဆောက်အဦကို အောင်နန်းပြည့် ကုမ္ပဏီလီမီတက် မှ ၂၀၁၉ ခုနှစ် ဇွန်လ ၆ ရက်နေ့ မှ စတင် တာဝန်ယူတည်ဆောက်ခဲ့ရာ အလျား ၁၄၄ ပေ၊ အနံ ၄၁ ပေ ၃ လက်မ၊ ၆ ခန်းတွဲ ၄ ထပ် သံကူကွန်ကရစ်အမျိုးအစား အဆောက်အဦ တန်ဖိုးမှာ ငွေကျပ်(၅၈၉.၉၄)သန်းကုန်ကျခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ် မေလ ၂၅ ရက်နေ့တွင် လုပ်ငန်းများ ပြီးစီးခြင်းကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ယနေ့ မွန်းလွဲပိုင်းတွင် လုပ်ငန်း အပ်နှံခဲ့သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ် ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်ကြီး က “ရန်ကုန် ပြည်သူ့ဆေးရုံကြီးအနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ စပြီးတော့ ၈ ခန်းတွဲ ၄ ထပ်တိုက်(၂)လုံးကို ဆောက်လုပ်ခဲ့ ပါတယ်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ၆ ခန်းတွဲ ၄ ထပ်တိုက်(၁)လုံးကို ကျပ်သန်းပေါင်း (၅၈၉.၉၄) သန်းဖြင့့် ဆောက်လုပ်ခဲ့ပါတယ်၊ ဒီနေ့မှာ လုပ်ငန်း ၁၀၀ ရာခိုင်နှုန်းပြီးစီးတဲ့အတွက် အရည်အသွေး စစ်ဆေးတဲ့ ကုမ္ပဏီ၊ အင်ဂျင်နီယာတွေပါဝင်တဲ့ တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး စစ်ဆေးတဲ့ အဖွဲ့တွေက လာရောက် ကွင်းဆင်း ကြည့်ရှုစစ်ဆေးခြင်းဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။
ဒလမြို့နယ် ကျန်းမာရေးဝန်ထမ်းအိမ်ရာရပ်ကွက်ရှိ ဆောက်လုပ်ပြီးစီးသော ၈ ခန်းတွဲ ၄ ထပ်တိုက် (၂)လုံး တွင် အခန်းပေါင်း(၆၄)ခန်းတွင် အခန်း ၆၀ ကျော်၌ ဝန်ထမ်းများ တက်ရောက်နေထိုင်လျက်ရှိပြီး၊ ကျန်ရှိတဲ့ အခန်များကို အပျို၊ လူပျို ဝန်ထမ်းများအတွက် နေရာချထားရန်စီစဉ်လျက်ရှိကြောင်းသိရသည်။
လက်ရှိ တည်ဆောက် ပြီးစီးသည့် ၆ ခန်းတွဲ ၄ ထပ် တိုက် အဆောက်အဦးမှာ ၁၀၀ ရာခိုင်းနှုန်းပြီးစီးလျက်ရှိပြီး၊ ထရန်စဖော်မာ တည်ဆောက် ခြင်းနှင့် မီးရရှိရေးလုပ်ငန်းများ တင်ပြဆောင်ရွက်ဖို့ ကျန်ရှိကြောင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက ဝန်ထမ်းများကို လုပ်သက် အနည်း/ အများဖြင့် နေရာချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ထမ်းများ တိုက်ခန်းနေရာချထားပေးမှုနှင့် ပတ်သက်ပြီး “ မူလက အထွေအလုပ်သမားများနဲ့ အခြေခံလုပ်သားတွေကို ချထားပေးတယ်၊ နောက်ပိုင်းမှ အကူသူနာပြု၊ ကျွမ်းကျင်ဝန်ထမ်း၊ လူပျို၊ အပျို၊ စာရေးအဆင့်၊ ရုံးအဆင့်တွေကို ချထားပေးဖို့ မျှော်မှန်းထားပါတယ်၊ ချထားတဲ့ နေရာမှာလည်း လုပ်သက်နဲ့ ချထားမှာဖြစ်ပါတယ်၊ နိုင်ငံ့တာဝန်ကို နှစ်ပေါင်းများစွာ ကျေကျေပွန်ပွန်ထမ်းဆောင်ကြတဲ့ လုပ်သက်များတဲ့ ဝန်ထမ်းတွေကို ချထားပေးဖို့ ရည်ရွယ်ထားကြောင်း” ဆက်လက်ပြီး ပြောကြားခဲ့သည်။
ဒလမြို့နယ် ကျန်းမာရေးဝန်ထမ်းအိမ်ရာ ရပ်ကွက်အတွင်းရှိ ဝန်ထမ်းအိမ်ရာလိုင်းခန်းများ အနေဖြင့် ၁၉၈၉ ခုနှစ်ကစတင်ပြီး သစ်သားလိုင်းခန်း ၈ ခန်းတွဲ လိုင်ခန်းပေါင်း(၈၀) ကျော် ဆောက်လုပ်ပေးခဲ့ပြီ၊ အထွေထွေ ဝန်ထမ်းများနှင့် လုပ်သားများကို နေရာချထားပေးခဲ့ကြောင်း၊ သွပ်မိုးနှင့် သစ်သားလိုင်းခန်းများဖြင့် တည်ဆောက် ခဲ့ရသော ဝန်ထမ်းလိုင်းခန်းများ ဖြစ်ခြင်း၍ နှစ်ကာလရှည်ကြာမှုကြောင့် ယိုယွင်းပျက်စီးလာကြောင်း၊ ဝန်ထမ်းများ အဆင့်မြင့်မြင့်၊ အေးအေးချမ်းချမ်း အဆင်ပြေစေရေးအတွက် ဝန်ထမ်းအိမ်ရာ ၄ ထပ်တိုက်များကို နှစ်စဉ် ဘဏ္ဍာရေး နှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းအပ်နှံပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဆေးရုံအုပ် ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်ကြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၊ အောင်နန်းပြည့် ကုမ္ပဏီ လီမီတက် မှ တာဝန်ရှိသူများက တည်ဆောက်ပြီးစီးသည့် ဝန်ထမ်းအိမ်ရာကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(ဒလ)


