နေပြည်တော် ၅ ဇွန်
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဇွန် ၄ ရက် ညနေ ၆ နာရီတွင် ဖယ်ခုံမြို့နယ်၊ ခေါင်းအီကျေးရွာအုပ်စု၊ ခေါင်းအီရွာသစ်ကျေးရွာ၏အရှေ့ဘက်ရှိကားလမ်းတွင် ကျော်သန်း မောင်းနှင်ပြီး ၎င်း၏ဇနီး မဝင်းနု လိုက်ပါလာသည့် MARK II အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ကိုလည်းကောင်း။
အလားတူ ဇွန် ၃ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ဟိုပုံးမြို့နယ်၊ ကုန်းကျိုင်းကျေးရွာ အုပ်စု၊ ဟိုလိကျေးရွာအနီး၊ ဟိုပုံး-ဘန်းယဉ်သွားကားလမ်းတွင် ပင်သောလ(ခ)စိုင်းမိန်း မောင်းနှင်ပြီး မအားလီ (ခ)မလီလီခိုင် လိုက်ပါလာသည့် HIJET အမျိုးအစားမော်တော်ယာဉ်ကိုရပ်တန့်ရှာဖွေရာ ပင်သောလ(ခ)စိုင်းမိန်းမှာ ထွက်ပြေးသွားပြီး မအားလီ(ခ)မလီလီခိုင် ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉,၈၃၅ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း။
ထို့အတူ ဇွန် ၄ ရက် မွန်းလွဲပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်း ကျေးရွာအနီးရှိ အဆောက်အဉီအဟောင်းတစ်လုံးအတွင်းမှ ခရီးဆောင်အိတ်ဖြင့်ထည့်ထားသည့် စိတ်ကြွ ရူးသွပ်ဆေးပြား ၅,၄၀၀ ပြားသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)