နေပြည်တော် ၅ ဇွန်
ယနေ့ခေတ်ကာလတွင် အွန်လိုင်းပေါ်၌ သတင်းတု၊ သတင်းမှားများ၊ ပုံဖျက်သတင်းများကို ရည်ရွယ်ချက် ရှိရှိဖြင့် နိုင်ငံတော်အစိုးရအား လည်းကောင်း၊ အဖွဲ့အစည်းတစ်ခု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးချင်းအပေါ် တွင်လည်းကောင်း တိုက်ခိုက်ထိုးနှက် အသရေဖျက်မှုများ၊ ပုံမှားရိုက်သတင်းများကို လွှင့်တင်ဖြန့်ဖြူးလျက် ရှိသည်ကို တွေ့မြင်နေရသည်။
ဓာတ်ပုံများနှင့် ရုပ်သံသတင်းများကို တည်း ဖြတ်နိုင်သည့် ဆော့ဝဲများကို အသုံးပြုပြီး သတင်း အမှားများ၊ သတင်းအတုအယောင်များ၊ ကောလာ ဟလသတင်းများ၊ အမုန်းစကားများနှင့် ပဋိပက္ခ ကို အားပေးလှုံ့ဆော်သည့် သတင်းစကားများကို လုပ်ကြံဖန်တီးလွှင့်တင်နေခြင်းဖြစ်သည်။ | အဆိုပါ လုပ်ကြံဖန်တီးသူများက ၎င်းတို့၏ အကျိုးစီးပွားအတွက်လည်းကောင်း၊ အခြားသူ အဖွဲ့အစည်းများ၏အကျိုး ပျက်စီးရာပျက်စီးကြောင်းကို ဦးတည်၍လည်းကောင်း လုပ်ဆောင် နေကြခြင်းဖြစ်သည်ကို တွေ့မြင်ရမည် ဖြစ်သည်။
မကြာမီကလည်း မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ ထုတ်လွှင့်ခဲ့သည့် သတင်းတစ်ပုဒ်အား ပုံဖျက်ဖန်တီးပြီး အွန်လိုင်းပေါ်သို့ လွှင့်တင်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ ယင်းမှာ မေ ၉ ရက် ည ၈ နာရီသတင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ ထုတ်လွှင့်ခဲ့သည့် ရခိုင်ပြည်နယ်ရာမောင် တံတားအနီး ပွိုင့် ၁၁၄ တောင်ကုန်း၌ နေရာယူ၍ လမ်းပန်းဆက်သွယ်မှုလုံခြုံရေးအား ခြိမ်းခြောက် နေသော AA အကြမ်းဖက်သောင်းကျန်းသူများ၏ ခြေကုပ်စခန်းကို တပ်မတော်က သိမ်းပိုက်ရရှိသည့် သတင်းအား ပြင်ဆင်တည်းဖြတ်ထားသည့် Video clip တစ်ခုကို မေ ၂၁ ရက် ညပိုင်းတွင် Social Media ၌ လွှင့်တင်ခဲ့ခြင်းဖြစ်သည်။ ။
အဆိုပါ video clip ၌ မူလစာသားဖတ်ကြား တင်ပြမှုတွင် ပါဝင်သည့် “AA အကြမ်းဖက်သောင်း ကျန်းသူများ” အစား “တပ်မတော်အကြမ်းဖက် သောင်းကျန်းသူများ” ဟု ပြင်ဆင်တည်းဖြတ်၍ ဖော်ပြထားသည်။ ထိုသို့ ပြင်ဆင်ရာ၌ အင်တာနက်ပေါ်တွင် လွှင့်တင်ထားရှိသည့် မူရင်းသတင်းအား Download ရယူ၍ ဆောင်ရွက်ထားရှိသဖြင့် သတင်းဖတ်ကြားသူ၏ နှုတ်ခမ်းလှုပ်ရှားမှုအား သဲကွဲစွာ မမြင်တွေ့ရမှုအပေါ် အသုံးပြုဆောင်ရွက်ထားခြင်း ဖြစ်သော်လည်း အရုပ်၊ အသံတည်းဖြတ်ဆောင်ရွက်ထားရှိမှုတွင် နောက်ခံ Video Wall လှုပ်ရှားမှုနှင့် Sign Language ဖော်ပြမှု အနည်းငယ်ရပ်တန့်သွား သည်ကို တွေ့မြင်နိုင်မည်ဖြစ်သည်။ Video Clip ကို Social Media ၌ စတင်လွှင့်တင်သူဟု ခန့်မှန်းရသူက ညနေ ၆ နာရီခွဲခန့်တွင် လွှင့်တင်ခဲ့ပြီး သုံးနာရီခန့်အကြာတွင် Social Media အသုံးပြုသူ ၁၀၀၀ ကျော်ခန့်မှ ထပ်ဆင့်ဖြန့်ဝေခဲ့သည်ကိုလည်း တွေ့ရသည်။ ရည်ရွယ်ချက်ရှိရှိ ကြံစည်လုပ်ဆောင်ထားသည့် သတင်းတစ်ပုဒ်ဖြစ်သည်။
ယင်းလုပ်ရပ်များမှာ သတင်းမီဒီယာကျင့်ဝတ် စည်းကမ်းများကို ဖောက်ဖျက်ရာရောက်ပြီး မီဒီယာဆိုင်ရာ တည်ဆဲဥပဒေများကို ဆန့်ကျင်ရာရောက် သည့်အတွက် ဥပဒေနှင့်အညီ အရေးယူခံရနိုင် ကြောင်း သိရသည်။
လုပ်ကြံဖန်တီးထားသည့် Video clip နှင့် ပတ်သက်၍ အဖြစ်မှန်ကို သိရှိသူများက ၎င်း Post အောက်တွင် သတင်းအမှားဖြစ်ကြောင်းရေးသား အသိပေးပြီး သတင်းအမှန် Link များကို ပြန်တင်ကာ ဝင်ရောက်ရေးသားဖော်ပြခဲ့ကြသော်လည်း အချို့က သတင်းအမှားမှန်း ခွဲခြားမသိရှိကြကြောင်း သိရသည်။
သို့ဖြစ်ရာ အွန်လိုင်းအသုံးပြုသူများအနေဖြင့် သတင်းမှားများ၊ သတင်းအတုအယောင်များ၊ ကောလာဟလ သတင်းများ၊ အမုန်းစကားများ၊ ပဋိပက္ခကို အားပေးလှုံ့ဆော်သည့် သတင်းစကားများနှင့် ပတ်သက်၍ သတိပြုကြရန်၊ အလွယ်တကူ ယုံကြည်ခြင်း မပြုရန်၊ မသေချာသည့် သတင်းများ ကို မျှဝေခြင်းမပြုရန်၊ မီဒီယာနှင့် သတင်းအချက် အလက်ဆိုင်ရာ သိနားလည်မှု (Media and Information Literacy) နှင့်အညီ ချင့်ချိန်စဉ်းစား သုံးသပ်ခြင်းဖြင့် မလိုလားအပ်သော ဆိုးကျိုး သက်ရောက်မှုများကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


