ပါရီ ၆ ဇွန်
ပြင်သစ်အစိုးရသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရန် ပြီးခဲ့သည့် မတ်လက ချမှတ်ထားသည့် အသွားအလာ ကန့်သတ်မှုကို သတိဝီရိယရှိရှိဖြင့် ဖြေလျှော့ လျက်ရှိရာ ယခုအခါ ယင်းရောဂါ ကူးစက် ပျံ့နှံ့မှုကို နိုင်ငံအတွင်း ထိန်းချုပ်နိုင်ပြီဖြစ် ကြောင်း ပြင်သစ်အစိုးရ၏ သိပ္ပံဆိုင်ရာ အကြံပေးကောင်စီ အကြီးအကဲက ယနေ့ ပြောကြားသည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုကို လောလောဆယ် ထိန်းချုပ်ထားပြီ ဖြစ်ကြောင်း၊ သို့သော် ကိုရိုနာဗိုင်းရပ်စ်ပိုး သည် တချို့ဒေသတွင် ပျံ့နှံ့နေဆဲဖြစ်ပြီး ကူးစက်ပျံ့နှံ့မှုမှာ အရှိန်လျော့နည်းလာ ကြောင်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ပြင်သစ်အစိုးရ၏ အကြံပေးကောင်စီဥက္ကဋ္ဌ ပါမောက္ခ ဂျိန်းဖရန်ကွိုက်စ် ဒယ်လ်ဖရက်စီက ပြင်သစ် ပိုင်ရေဒီယို အသံလွှင့်ဌာနတစ်ခုသို့ ပြောကြားသည်။
ပြင်သစ်အာဏာပိုင်များသည် နိုင်ငံအတွင်း လူ ၂၉၀၀၀ ကျော်အသက် ဆုံးရှုံး စေခဲ့သည့် ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်ရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ ခုခံအားဆိုင်ရာပညာရှင်တစ်ဦးဖြစ်သည့် ဂျိန်းဖရန်ကွိုက်စ် ဒယ်လ်ဖရက်စီနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များကို ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အကြံပေးအဖွဲ့အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ပြင်သစ်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးသူ ၄၄ ဦးအထိ ကျဆင်းလာခြင်းနှင့်အတူ အဆိုပါရောဂါကြောင့် သေဆုံးသူ နေ့စဉ်ကျဆင်းလာကြောင်း သိရသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသွားအလာကန့်သတ်မှု မချမှတ်မီအချိန်နှင့် စီးပွားရေးလုပ်ငန်းများ မပိတ်မီအချိန် မတ်လ အစောပိုင်းက ပြင်သစ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၀၀၀၀ ခန့်ရှိရာ ယခု အခါ နေ့စဉ်ရောဂါကူးစက်ခံရသူ ၁၀၀၀ ခန့် သာ စမ်းသပ်တွေ့ရှိခဲ့ကြောင်း သိရသည်။
ဇွန် ၂ ရက်အထိရရှိထားသည့် ကိန်းဂဏန်း များအရ ပြင်သစ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၅၁၃၂၅ ဦးခန့်ရှိကြောင်း ကျန်းမာရေးဌာနက ပြောကြားသည်။ တစ်ချိန် တည်းမှာပင် နိုင်ငံတစ်ဝန်းရှိ စားသောက်ဆိုင် များကိုလည်း ဖွင့်လှစ်ရန် အစိုးရက ခွင့်ပြုထား ကြောင်း သိရသည်။
သို့သော် ကိုဗစ်-၁၉ ရောဂါ သံသယရှိသော လူနာများကို စနစ်တကျ စမ်းသပ်စစ်ဆေး ခြင်းမရှိသောကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုနှုန်း သည် ကျန်းမာရေးဌာနက ခန့်မှန်းထားသည့် ပမာဏထက် ပို၍များပြားနိုင်ကြောင်း ဂျိန်း ဖရန်ကွိုက်စ်ဒယ်လ်ဖရက်စီက သတိပေးလိုက်သည်။
ကိုးကား - အေအက်ဖ်ပီ / ဘာသာပြန် - ဂျေတီ