ဆော ၆ ဇွန်
မကွေးတိုင်းဒေသကြီး၊ ဆောမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေး ခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်အတွင်း နေအိမ်များတွင် ပန်းအိုးများ၊ ရေစည်များ၊ ရေအိုးရေခွက်များနှင့် ရေဝပ်နိုင်သောပစ္စည်းများအတွင်း ပိုးလောက်လန်း ပေါက်ဖွားနိုင်သည့် နေရာများအား ကြည့်ရှုစစ်ဆေးကာ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ရေတွင်းရေကန်များအတွင်းသို့ အဘိတ်ဆေး ခတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ဆောမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ဇွန် ၅ ရက်မှစ၍ မြို့ပေါ်ရပ်ကွက်အတွင်း ဆောင်ရွက်လျက်ရှိပြီး ကျေးရွာများတွင်လည်း သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဇော်မျိုးသန့်(ဆော)


