မင်းဘူး ၆  ဇွန် 

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မကျီးစုကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာတွင်းလမ်း အရှည်ပေ ၈၀၀ အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကျေးရွာတွင်းလမ်းအား မင်းဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းမှ ငွေကျပ် ၁၀ သန်း ထောက်ပံ့ပေးခဲ့ပြီး ကျေးရွာပြည်သူလူထုမှ ငွေကျပ် ၃ ဒသမ ၉၅ သန်း စုစုပေါင်းငွေကျပ် ၁၃ ဒသမ ၉၅ သန်းဖြင့် လမ်းအရှည်ပေ ၈၀၀၊ အကျယ် ၁၅ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းအဖြစ် မတ်လကုန်ကစတင်၍ အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ဖြစ်ကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးက ပြောသည်။

 

မင်းဘူးမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာ​နှစ်တွင်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မကျီးစုကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၁၆ ရွာတွင် မြေနီကျောက်စရစ်လမ်းလုပ်ငန်း ၅ ခု၊ ကွန်ကရစ်လမ်းလုပ်ငန်း ၄ ခုနှင့် မီးလင်းရေးလုပ်ငန်း ၇ ခု စုစုပေါင်းလုပ်ငန်း ၁၆ ခုအား ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေ စုစုပေါင်းငွေကျပ် ၁၈၆ ဒသမ ၁ သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဦးတင့်လွင်ဦးထံမှ သိရသည်။

သူရိန်(မင်းဘူး)