မိတ္ထီလာ ၆ ဇွန်
မိတ္ထီလာမြို့နယ် သီးတက္ကန်(မြောက်)ကျေးရွာတွင် အိုးလုပ်ငန်းကို ဘိုးဘွားစဉ်ဆက်မှစတင်၍ လုပ်ကိုင်လျက်ရှိ ကြောင်း သိရသည်။
ထိုသို့ အိုးလုပ်ငန်းဆောင်ရွက်ရာတွင် မြေစိမ်း၊ မြေနီတို့ကို ကျင်းအတွင်းထည့်၍ ရေလောင်းပြီး နူးနပ်အောင် ထားရ ပြီး ရွှံ့များနူးနပ်ပါက အမွှေးပါသည့် နွားသားရေပေါ်ပုံပြီး ရွှံ့များစီးသွားအောင် ခြေထောက်ဖြင့် နင်းရကြောင်း၊ ခြေထောက်ဖြင့်နင်းပြီးပါက အရှည် ၁၂ လက်မ အချင်း ၅ လက်မရှိ ရွှံ့တုံးများလုံး၍ အိုးပြင်သည့် လက်လှည့်ပေါ်တင်၍ ပုံကြမ်းဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရကြောင်း၊ အိုးကို လက်ခတ်ဖြင့်ရိုက်ပြီး အပွင့်ပုံဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရကာ ရရှိလာသည့်အိုးစိမ်းများကို နေလှန်း၍ အခြောက်ခံရကြောင်း၊ အခြောက်ခံပြီး အိုးစိမ်းများကို မီးဖုတ်ရကြောင်း ရာအိမ်မှူး ဦးကျော်မြိုင်ထံမှ သိရသည်။
သီးတက္ကန်(မြောက်)ကျေးရွာတွင် အိုးလုပ်ငန်းများလုပ်ကိုင်ရာတွင် သောက်ရေအိုး၊ ဘုရားပန်းအိုး၊ ဆွမ်းလောင်းအိုး၊ ပန်းစိုက်အိုး၊ စလောင်ဖုံးနှင့် ထန်းမြေအိုးများကို လုပ်ကိုင်ကြပြီး အဆိုပါအိုးများကို မိတ္ထီလာ၊ မလှိုင်၊ တောင်သာမြို့နယ်များမှ အိုးကုန်သည်များက ကျေးရွာအရောက် ဝယ်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ အိုးလုပ်ငန်းကို သီးတက္ကန်(မြောက်)ကျေးရွာသာမက အနီးအနား ကျေးရွာများကပါ အိုးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်စမ်အေးထံမှ သိရသည်။
သီးတက္ကန်(မြောက်)ကျေးရွာတွင် အိမ်ခြေ ၈၃ အိမ် လူဦးရေ ၄၀၀ ကျော်ရှိပြီး အမျိုးသားများက စိုက်ပျိုးရေး လုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး အိုးလုပ်ငန်းကို အမျိုးသမီးများက လုပ်ကိုင်လျက်ရှိသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


