ကော့သောင်း  ၆   ဇွန်

 

တနင်္သာရီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့်အဖွဲ့သည် ယမန်နေ့ညနေပိုင်းက ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဟံသာဝတီခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊  ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ၊ မော်ကင်း (ဆလုံ) တိုင်းရင်းသားများနှင့် တွေ့ဆုံ၍ ကိုဗစ်-၁၉ ထိန်းချုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင်  တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး ဆောင်ရွက်မှုအခြေအနေများ၊ ပြည်ပနိုင်ငံမှ ပြန်လာသော မြန်မာနိုင်ငံသားများအား Facility Quarantine ထားရှိမှုအခြေအနေများ၊ မော်ကင်း (ဆလုံ) တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက် သွားရန် မှာကြားခဲ့သည်။

 

mdn

 

ဆက်လက်၍ ကော့သောင်းခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးနှင့် မြို့နယ်ဥက္ကဌ ဦးဇော်လင်းထွန်းတို့က ကော့သောင်း ခရိုင်နှင့်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများအား အသီးသီး တင်ပြကြရာ ဝန်ကြီးချုပ်က လိုအပ်သည်များကိုလမ်းညွှန် မှာကြားခဲ့သည်။

 

ဆက်လက်၍ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများအား ကော့သောင်းခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ထောက်ပံ့ပေးအပ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလုကာ က ဆလုံတိုင်းရင်းသားများသို့ စားသုံးဆန်များ ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ကာ ကော့သောင်းမြို့ Grand Andaman ဟိုတယ်ပိုင်ရှင်ဦးကျော်လွင်က ထားဝယ်၊ မြိတ်၊ ကော့သောင်း သုံးခရိုင်အတွက် M-95 Mask ၆၀၀  ၊ ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ လက်သန့်ဆေးရည်ဂါလန် ၁၅၀ အားလှူဒါန်း ပေးအပ်ခဲ့ပြီး  ဝန်ကြီးချုပ်မှ နိဂုံးချုပ်ပြောကြားကာ အခမ်းအနားအား ရုပ်သိမ်းလိုက်သည်။

 

ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်တော်အေး ကမ္မဋ္ဌာန်းကျောင်း၌ တနင်္သာရီတိုင်းဒေသကြီး သံဃာနာယကအဖွဲ့ ဥက္ကဋ္ဌ (မူလဒွါရ) ဆရာတော် နှင့် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

ကျော်စိုး (ကော့သောင်း)