မိုင်းဆတ် ၆ ဇွန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ စားသောက်ဆိုင် (၃၅) ဆိုင်ရှိသည့်အနက် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားသော စားသောက်ဆိုင်(၇)ဆိုင်နှင့် မိုတယ်တစ်လုံးအား ပြန်လည်ဖွင့်ခွင့်ပြုခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဆိုင်ထိုင်စားသောက်ခွင့် ယာယီပိတ်ထားသော စားသောက်ဆိုင် များနှင့် မိုတယ်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားသော စားသောက်ဆိုင် (၇)ဆိုင်နှင့် မိုတယ်တစ်လုံးအား ပြန်လည်ဖွင့်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ပြန်လည်ဖွင့်ခွင့်ပြုခဲ့သည့် မိုတယ်မှာ ရွှေဟင်္သာမိုတယ်ဖြစ်ပြီး ရွှေစကားလက်ဖက်ရည်ဆိုင်၊ ပစ်တိုင်းထောင် စားသောက်ဆိုင်၊ ကျိုင်းတုံစားသောက်ဆိုင်နှင့် ထူးစားသောက်ဆိုင် အပါအဝင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင် ၇ ဆိုင်အား ဆိုင်ထိုင်ဖွင့်ခွင့်ပြုခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်စိုးဦးနှင့် ပူးပေါင်းအဖွဲ့က မိုတယ်တွင် လာရောက် တည်းခိုသူများ၏ ဖုန်းနံပါတ်၊ နေရပ်၊ ခရီးသွားရာဇဝင်များ စာရင်းပြုစုမှတ်တမ်းထားရန် မှာကြားခဲ့ပြီး မိုတယ်အား ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။
စစ်ဆေးရေးအဖွဲ့အနေဖြင့် စားသောက်ဆိုင်များအတွင်း လက်ဆေးဘေစင်များထားရှိမှု၊ စားပွဲခုံများ ခင်းကျင်းထားရာတွင် Social Distancing ဆောင်ရွက်ထားရှိမှု၊ ဆိုင်ပိုင်ရှင်များအနေဖြင့် နှာခေါင်းစည်း၊ မျက်နှာကာ(Face shield)များ တပ်ဆင်ရောင်းချမှု၊ ကိုယ်အပူချိန်တိုင်းကိရိယာများ ထားရှိစစ်ဆေးမှု၊ Mask များ ထားရှိမှု၊ ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးအသိပညာပေး ပိုစတာများကို စားသုံးသူများမြင်သာသည့် နေရာများတွင် ကပ်ထားမှု စသည့်အချက်များ ဆောင်ရွက်ထား ရှိ/မရှိတို့ကို စစ်ဆေးခဲ့သည်။
စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအနေဖြင့် ဆိုင်ထိုင်စားသောက်ရောင်းချခွင့် ပြန်လည်ရရှိရေးအတွက် ကိုဗစ်-၁၉ ကာလ စားသောက်ဆိုင်များစည်းကမ်းချက် (၁၁)ချက်နှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားခြင်းနှင့် အထူးဂရုစိုက်ရမည့် သန့်ရှင်းရေးစည်းကမ်းချက် (၄)ချက်တို့ကို အစစ်ဆေးခံရန် မြို့နယ် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ စစ်ဆေးရေးအဖွဲ့သို့ အကြောင်းကြားရမည်ဖြစ်ပြီး တည်းခိုခန်းများအနေဖြင့် မြို့နယ် တည်းခိုခန်းများ စစ်ဆေးရေးအဖွဲ့သို့ အကြောင်းကြားရမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်နိုင် ထံမှသိရသည်။
မြင့်မောင်(ပြန်/ဆက်)


