၆ ဇွန်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှ ကာကွယ်ရန်အတွက် မျက်နှာဖုံးဝတ်ဆင်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သောကြာနေ့မှာ အကြံပြုထားပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးစတင်ပျံ့ပွားချိန်ကစပြီး မျက်နှာဖုံး ဝတ်ဆင်ဖို့ လို၊မလိုကို ဆွေးနွေးပြောဆိုနေခဲ့ပါတယ်။
မျက်နှာဖုံးဝတ်ဆင်ခြင်းနဲ့ပတ်သတ်တဲ့ တွေ့ရှိချက်တွေရှိတဲ့အတွက် အစိုးရတွေအနေနဲ့ နိုင်ငံသားတွေကို လူမြင်ကွင်းသွားမယ်ဆိုရင် မျက်နှာဖုံးဝတ်ဆင်သင့်ကြောင်း၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရန် အခက်အခဲ ဖြစ်တဲ့နေရာများနဲ့ ဗိုင်းရပ်စ်ပိုးကူးစက်နှုန်းများတဲ့ နေရာတွေမှာ မျက်နှာဖုံးဝတ်ဆင်ခြင်းက လိုအပ်ကြောင်း WHO အကြီးအကဲ ဒေါက်တာ တက်ဒရို က အကြံပေးတာဖြစ်ပါတယ်။
မျက်နှာဖုံးဝတ်ဆင်ခြင်း တစ်ခုတည်းကတော့ ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်ခြင်းကနေ ကာကွယ်နိုင်တာ မဟုတ်ကြောင်း၊ ဗိုင်းရပ်စ်ပိုးလက္ခဏာ ရှိသူတွေက လူမြင်းကွင်းကို မသွားသင့်ဘဲ အိမ်မှာပဲ နေသင့်ကြောင်းလည်း အကြံပေးထားပါတယ်။
မျက်နှာဖုံးဆိုရာမှာလည်း အနည်းဆုံး အလွှာသုံးလွှာနဲ့ ပြုလုပ်ထားတဲ့ မျက်နှာဖုံးတွေ တွေကို သုံးသင့်ကြောင်း၊ သုံးလွှာပါရှိတဲ့ မျက်နှာဖုံး ပြုလုပ်ရန် ပထမဦးအလွှာ တနည်းအားဖြင့် အတွင်းပိုင်းအလွှာ ကို ရေစုပ်နိုင်တဲ့ ချည်သား ကို သုံးသင့်ကြောင်း၊ ဒုတိယအလွှာ ကို စစ်ယူနိုင်တဲ့ polypropylene လို အဝတ်စမျိုးကို အသုံးပြုပြီး အပြင်ဘက်ဆုံးတတိယအလွှာကို ရေမစိုအောင် လုပ်ပေးနိုင်တဲ့ polyesterလို ပစ္စည်းမျိုးကို သုံးသင့်ကြောင်း ကိုပါ အကြံပြုထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုး ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၃၉၀,ဝ၀ဝ ကျော်သေဆုံးပြီး လူပေါင်း ၆ ဒသမ ၇ သန်းနီးပါး ရောဂါပိုးကူးစက်ခံရကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP