မြိတ် ၇ ဇွန် 

           

မြိတ်မြို့တွင် ကိုဗစ်-၁၉ကာကွယ်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး ပြင်ပမှဆိုက်ရောက်ထွက်ခွာ လျက်ရှိကြသော ခေတ္တရပ်နားထားသည့် ခရီးသည်တင်ယာဉ်များသည် ဇွန်(၅)ရက်မှစတင်ကာ မြိတ်မြို့ အဝေးပြေး ကားဝင်းမှ မြိတ်-ရန်ကုန်ခရီးစဉ် ယာဉ်လိုင်းများ စတင်ပြန်လည်ပြေးဆွဲလျက်ရှိသည်။

 

ခရီးသည်တင်ယာဉ်လိုင်းများအားလုံးကို ခရီးသွားလာပြည်သူများ ခရီးသွားလာမှု အဆင်ပြေစေရေးအတွက်  တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ဇွန်(၄)ရက်နေ့တွင် တိုင်းဒေသကြီး ပြင်ပ ခရီးသည်တင်ယာဉ်များအား ပြန်လည်ပြေးဆွဲခွင့်ပြုလိုက်ကြောင်း မြိတ်မြို့နယ် ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီမှ သိရသည်။     

 

“ ခရီးသွားမယ့် ခရီးသည်တွေက ရပ်ကွက်ထောက်ခံစာ၊ ကျန်းမာရေးထောက်ခံစာ ယူလာရပါ့မယ်။ ဈေးနှုန်းက နှစ်ခုံမှာတစ်ယောက်ပဲ ထိုင်ရတယ်ဆိုတော့ မြိတ်-ရန်ကုန် ယခင်က(၂၃၅၀၀) ယခု တစ်ယောက် (၃၅၅၀၀)ပါ။ တိုင်းဒေသကြီးမှ ကိုဗစ်ကာလမှာ ရောဂါကာကွယ်တဲ့အနေနဲ့ နှစ်ခုံတစ်ယောက်နှုန်း ဇိဇက်ပုံစံနဲ့ တင်တဲ့ခရီးသည်လည်း(၅၀)ရာခိုင်နှုန်းပဲတင်ရမယ် သတ်မှတ်ထားလို့ (၅၀)ရာခိုင်နှုန်းပဲတင်ပါတယ်” ဟု ခရီးသည် တင် ရွှေဝယ်သူယာဉ်လိုင်း တာဝန်ခံ ဦးပြည့်စုံအောင်နှင့် မန်းရာဇာယာဉ်လိုင်း တာဝန်ခံ ဦးခင်မောင်မြင့် တို့က ပြောသည်။

 

စည်းကမ်းသတ်မှတ်ချက်နှင့်အညီ  တိုင်းဒေသကြီးပြင်ပ ခရီးသည်တင်ယာဉ်များ ပြန်လည်ပြေးဆွဲခွင့်ပြုရာ၌ ယာဉ်အားလုံး မူလတင်ဆောင်နိုင်သည့်ခရီးသည်ဦးရေ၏ တစ်ဝက်သာတင်ဆောင်ရန်၊ ခရီးသည်၊ ယာဉ်မောင်း ၊ ယာဉ်နောက်လိုက်များ အဝေးပြေးကားဝင်းတွင် သတ်မှတ်အကွာအဝေးအတိုင်းသာထိုင်ရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ညွှန်ကြားချက်ထုတ်ပြန်ထားရှိသည်။

 

“ လမ်းခရီးသွားတာတော့ တထောက်နားရတာကို သိပ်သဘောမကျဘူးပါ့နော်။ ခရီးသည်တွေကားပေါ်မှာ တင်ပြီးမအိပ်ချင်ဘူး။ High Way လမ်းတစ်လမ်းတော့ Lockdown မထားသင့်ဘူးထင်တာပဲ။ ထားဝယ်မြို့ ဆိုရင် မြို့ထဲဝင်တာမဟုတ်ဘူး။ မြိတ်မြို့ဆိုလည်းအထဲဝင်တာမဟုတ်ဘူး။ High Way လမ်းပဲသွားတဲ့အတွက် သွားစေချင်ပါတယ်။ လမ်းမှာဟိုနားဒီနားရပ်ပြီးအိပ်ခိုင်းရင် အိပ်တဲ့နေရာမှာလည်း လူစုလူဝေးရှိတာပဲ။ မအိပ်ခိုင်းချင်ဘူး။ ကားတွေများလာရင် ခရီးသည်တွေ တွေ့ကြရင် လူများလာရင် အန္တရာယ်ရှိပါတယ်” ဟု ယာဉ်မောင်း ဦးဝင်းဇင် က ပြောသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင် ရေးအတွက် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်ထိန်းချုပ်ရေးကော်မတီမှ ည၁၀ နာရီမှ မနက် ၄ နာရီအထိ မထွက်ရအမိန့်ကို ဧပြီလ တတိယအပတ်တွင် ထုတ်ပြန်ခဲ့ပြီး မေလလယ်မှစ၍ လက်ရှိအချိန်ထိ  ( ည ၁၂-နာရီ မှ မနက် ၄-နာရီအထိ) ဖြေလျော့ပေးခဲ့ရာ ရန်ကုန်-မြိတ် ခရီးစဉ်တွင် ထားဝယ်ခရိုင် မလွဲတောင်စစ်ဆေးရေး ဂိတ်၌ ည(၁၂)ကျော်ပါက ဖြတ်သန်းခွင့်မရရှိ၍ ယာဉ်ရပ်နားအိပ်ကြကြောင်း၊ ခရီးသည်တင်ယာဉ်များမှ ရပ်နားလိုခြင်း မရှိဘဲ ဖြတ်သန်းမောင်းနှင်လိုကြကြောင်း ယာဉ်မောင်းတစ်ချို့ထံမှ သိရသည်။           

 

“  တနင်္သာရီတိုင်းဒေသကြီးမှာ ကိုဗစ်-၁၉ မဖြစ်ပွားရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ယာဉ် အသင်းများ၊ ယာဉ်လုပ်သားများမှ အားကြိုးမာန်တက်ဆောင်ရွက်နေချိန်မှာ ခရီးသွားပြည်သူများမှ မိမိသွားလိုရာ ခရီးကို အချိန်မီရောက်ရှိနိုင်ရေးအတွက် သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်းဉပဒေနှင့်အညီ သွားလာစေချင် ပါတယ်။ ယာဉ်မောင်းသမားများကလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်များနှင့် အညီ တစ်ဦးနှင့်တစ်ဦး ညိှနှိုင်းပေါင်းစပ်သွားလာရင် တနင်္သာရီတိုင်းဒေသကြီးမှာ ခရီးသွားလာမှုအဆင်ပြေပြီး ကိုဗစ်-၁၉ ရောဂါလည်း ကြိုတင်ကာကွယ်နိုင်မယ်လို့ယူဆပါတယ်” ဟု မြိတ်မြို့နယ် ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ ဉက္ကဋ္ဌ ဦးအောင်သင်းမောင် က ပြောသည်။

 

မြိတ်မြို့တွင် ခရီးသည်တင်ယာဉ်လိုင်းများ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စတင်ပြေးဆွဲလျက်ရှိကြရာ ခရီးသည်တင်ယာဉ်များတွင် သတ်မှတ်ဦးရေထက် ပိုမိုတင်ဆောင်ပါက ပုဂ္ဂလိကယာဉ်များပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီသို့ တိုင်ကြားနိုင်ကြောင်း၊ မြိတ်မြို့သို့ ဆိုက်ရောက်ထွက်ခွာလျက်ရှိသည့် ယာဉ်လိုင်းများတွင် တိုင်းဒေသကြီး ပြင်ပမှ ဆိုက်ရောက်ထွက်ခွာ ယာဉ်လိုင်း (၂၅)သင်းနှင့် တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်း(၄၀)သင်း၊ စုစုပေါင်းယာဉ်လိုင်းအသင်း (၆၅) သင်းရှိကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )