စေတုတ္တရာ ၇ ဇွန်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မီးသတ်ဦးစီးဌာနသည် မြို့ပေါ်ရှိ အသွားအလာ ကန့်သတ်ထိန်းချုပ်ထားရှိခဲ့သည့် စာသင်ကျောင်းများအား ယနေ့နံနက်ပိုင်းတွင် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရှိန်မင်းထက် ဦးဆောင်၍ တပ်ဖွဲ့ဝင်(၄)ဦးတို့သည် မြို့ပေါ် အမှတ်(၁)ရပ်ကွက်ရှိ အလက(ခွဲ)ကျောင်းနှင့် ပိတောက်မြိုင်ရပ်ကွက်ရှိ အမကကျောင်းတို့တွင် ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် ကျောင်းဆောင်များ၊ တံခါးလက်ကိုင်များ၊ စာသင်ခန်းများနှင့် ကျောင်းဝန်းအတွင်း အသွားအလာ ကန့်သတ်ထားသည့် နေရာများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့သည်။
မြို့နယ်အတွင်းရှိ ကျေးရွာများအနေဖြင့် မိမိတို့ရပ်ရွာရှိ ကျောင်းဆောင်များအား ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်လိုပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)


