ကျိုင်းတုံ ၇ ဇွန်
ယနေ့မှစ၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၌ အလင်းပန်းတို့ စတင်ပွင့်ဖူးခဲ့ပြီး ဆက်လက်၍ စဉ်ဆက်မပျက် ပွင့်ဝေတော့မည်ဟု ဆိုချင်ပါသည်။ ယနေ့သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွက် မင်္ဂလာရှိသောနေ့ ဖြစ်သည်။
ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယနေ့ နေ့လယ်ပိုင်းမှ စတင်ကာ နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် လျှပ်စစ်ဓာတ်အား စတင်၍ ဖြန့်ဝေပေးနေပြီဖြစ်ကြောင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ပြည်နယ်အင်ဂျင်နီယာ ဦသက်ပိုင်မျိုးထံက သိရသည်။ ဒေသနေ တိုင်းရင်းသားတို့ ကြည်နူးပီတိ ဖြစ်ရသည်။
မိုင်းပျဉ်းမြို့တွင် ဒီဇယ်ဓာတ်အားပေး စက်ဖြင့် တစ်ရက်လျှင် (၄) နာရီခန့်သာ လျှပ်စစ်မီးသုံးစွဲနိုင်ခဲ့ရာမှ ယခုအခါ မြို့ပေါ် ရပ်ကွက်အားလုံး အပါအဝင် အနီးဝန်းကျင်ကျေးရွာ (၃၈) ရွာရှိ အိမ်ထောင်စုပေါင်း (၃၀၄၂)စုတို့ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပျက် သုံးစွဲနိုင်မည် ဖြစ်သည်။ ကျန်ရှိ ကျေးရွာများသို့လည်း ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ဆက်လက်ဆောင်ရွက်နိုင်မည်ဟု သိရသည်။
ထို့အပြင် ကျိုင်းတုံမြို့၌ ရင်ဆိုင်နေရသည့် အခက်အခဲတစ်ခုကို ကျော်လွှားနိုင်မည့် သတင်းကောင်းလည်း ဖြစ်သည်။
ကျိုင်းတုံမြို့တွင် အသေးစား ရေအားလျှပ်စစ်စက်ရုံ (၄)ရုံမှ မိုးရာသီတွင် ဓာတ်အား (၇ ဒသမ ၈၇) မဂ္ဂါဝပ် ထုတ်လုပ်သုံးစွဲနိုင်သော်လည်း နွေရာသီတွင် ရေဝင်ရောက်မှုနည်း၍ ဓာတ်အားလုံလောက်မှု မရှိသည့် အခက်အခဲကို နှစ်စဉ်ကြုံတွေ့နေရသည်။ ယခုအခါ အဆိုပါ အခက်အခဲကို နိုင်ငံတော်ဓာတ်အားစနစ် ရရှိခြင်းဖြင့် ဖြေရှင်းပေးနိုင်ရုံမက ကျိုင်းတုံမြို့ပေါ် ရပ်ကွက်အားလုံးနှင့် အနီးဝန်းကျင် ကျေးရွာပေါင်း (၈၆) ရွာရှိ အိမ်ထောင်စုပေါင်း (၁၄၄၇၁)စုအတွက် ပြည့်ဝသည့် ဓာတ်အားရရှိတော့မည် ဖြစ်သည်။ ကျိုင်းတုံသို့ နိုင်ငံတော်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးရေးလုပ်ငန်များ အပြီးသတ်နေပြီဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တိုင်းရင်းသားပြည်သူများ နိုင်ငံတော်ဓာတ်အားစနစ် သုံးစွဲနိုင်ရန်အတွက် ဓာတ်အားပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ကျပ်သန်းပေါင်းများစွာ အကုန်ကျခံကာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဆောင်ရွက်ရသည်။
ဓာတ်အားပို့လွှတ်ခြင်း လုပ်ငန်းများအနေဖြင့် နမ့်စန်၊ မိုင်းပျဉ်းနှင့် ကျိုင်းတုံမြို့တို့တွင် ပင်မဓာတ်အားခွဲရုံများ တည်ဆောက်ခြင်း၊ သံလွင်မြစ်ဖြတ်ကူး၍ နမ့်စန်- မိုင်းပျဉ်း- ကျိုင်းတုံ ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်း ၁၅၁ ဒသမ ၅၉ မိုင် သွယ်တန်းတည်ဆောက်ခြင်း စသည်တို့အတွက် စီမံကိန်းလုပ်ငန်းများ ကုန်ကျစရိတ် ၄၇၅၇၂ ဒသမ ၅၇ (47572.57) ကျပ်သန်း၊ အမေရိကန်ဒေါ်လာငွေ ၁၀၁ ဒသမ ၂၇ သန်း (USD 101.27 သန်း) ဖြင့် ၂၀၁၆ ခုနှစ် ဇူလိုင်လမှ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ အနေဖြင့် ဓာတ်လိုင်းများ၊ ဖြန့်ဖြူးရေးခွဲရုံများ၊ တည်ဆောက်ခြင်းကို ပြည်ထောင်စု ရန်ပုံငွေ ၅၂၈၅ ဒသမ ၅၃၇ ကျပ်သန်း (5285.537 သန်း)ဖြင့် လည်ကောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေ ၉၄၅၅ ဒသမ ၂၃ ကျပ်သန်း (9455.23 သန်း)ဖြင့် လည်ကောင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ခရိုင်(၃)ခရိုင်၊ မြို့နယ် (၂၁)မြို့နယ်နှင့် ကျေးရွာပေါင်း (၃၇၄၈)ရွာတွင် အိမ်ထောင်စုပေါင်း နှစ်သိန်းကျော်ရှိသည့်အနက် နိုင်ငံတော်ဓာတ်အား စနစ်ရောက်ရှိမှု အစပိုင်းအချိန်တွင် မြို့နယ်(၂)မြို့နယ်နှင့် ကျေးရွာ (၆၆)ရွာမှ အိမ်ထောင်စုပေါင်း လေးသောင်းကျော် နိုင်ငံတော် ဓာတ်အားစနစ် သုံးစွဲနိုင်မည်ဖြစ်ပြီး ကျန်ရှိဒေသများသို့ ဖြန့်ဖြူးပေးနိုင်ရေးအတွက် နှစ်အလိုက် စီမံကိန်းများ ထည့်သွင်းလျာထား၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုကို ၅၀ ရာခိုင်နှုန်း အထိပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရပြီး ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်း၊ ၂၀၃၀ ပြည့်နှစ်တွင် ရာနှုန်းပြည့် သုံးစွဲနိုင်ရေး ရည်မှန်းချက်ထားကာ ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရည်မှန်းချက်သို့ ရောက်ရှိအောင် နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှုနှင့်အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်း လုပ်ငန်းများကို ဟန်ချက်ညီညီ စီမံဆောင်ရွက်ရသည်ဟု ဆိုသည်။
ထို့အပြင် ဓာတ်အားသုံးစွဲသည့် တိုင်းရင်းသားပြည်သူ အားလုံး၏ ကဏ္ဍသည်လည်း အရေးပါလာပြီဖြစ်သည်။ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် လုံလောက်သည့် လျှပ်စစ်ဓာတ်အားရရှိရန် အဓိကလိုအပ်သကဲ့သို့ ရရှိသည့် ဓာတ်အားကို အန္တရာယ်ကင်းစွာ၊ စည်းကမ်းတကျ အကျိုးရှိစွာ အသုံးပြုနိုင်ရေးသည် တိုင်းရင်းသား ပြည်သူတို့၏ တာဝန်ဖြစ်သည်။
ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၌ အလင်းပန်းတို့ စတင်ပွင့်ဝေပြီ။ နိုင်ငံတော် ဓာတ်အားစနစ် စတင်ရရှိ ပြီဖြစ်သည်။ အလားတူ ကျန်ဒေသများ ရရှိအောင် နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှုဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားပြည်သူအားလုံး အနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။
မောင်မောင်နိုင်(ကျိုင်းတုံ)


