မန္တလေး ၇ ဇွန်

 

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ဦးပိန်တံတား ယာယီပိတ်ထားချိန်တွင် တံတားပေါ်ဖြတ်သန်းခြင်း မပြုရန် ဗီနိုင်းဆိုင်းဘုတ်များတပ်ဆင်၍ အသိပေးကာ သစ်သားဖြင့် ကာရံပိတ်ဆို့ထားသော်လည်း ဖြတ်ကျော်ဝင်ရောက် ဖြတ်သန်းမှုများရှိကြောင်း သိရသည်။

 

အဆိုပါ ပိတ်ဆို့ထားသော သစ်သားများထပ်မြင့်ကာ သံဆူးကြိုးများဖြင့် ထပ်မံကာရံခြင်းကို ဇွန် ၆ ရက်က ဆောင်ရွက်ခဲ့ကြောင်း ဦးပိန်တံတား စည်ကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်၊ တောင်မင်းကြီးဂေါပကဥက္ကဋ္ဌ ဦးသန်းမြင့်ထံမှ သိရသည်။

 

အဆိုပါ ပိတ်ဆို့ထားသော သစ်သားများထပ်မြင့်ခြင်းနှင့် သံဆူးကြိုးထပ်မံကာရံခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရှေးဟောင်းသုတေသန၊ စည်ပင်သာယာရေးကော်မတီ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဦးပိန်တံတား စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များမှ တာဝန်ရှိသူများ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

mdn

 

“ဦးပိန်တံတားပေါ်ကို ခရီးသွားအချို့ ဖြတ်ကျော်ဝင်ရောက်မှုရှိနေသဖြင့် ဇွန် ၆ ရက်က သက်ဆိုင်ရာအဖွဲ့တွေ ပူးပေါင်းပြီး ယာယီပိတ်ထားချိန်မှာ တံတားပေါ်တက်လို့မရအောင် သစ်သားကာရံထားတာကို ထပ်မံပြီး သံဆူးကြိုးကာရံခဲ့ပါတယ်။ အကုန်လုံးပြန်လုပ်ပြီးပါပြီ၊ မူလက ရိုးရိုးသစ်သားတန်း သုံးလေးချောင်းနဲ့ ရှေးဟောင်းသုတေသနက လာပိတ်ထားတာပါ၊ ခရီးသွားတွေက သစ်သားတွေကို ကျော်ခွပြီး ဖြတ်ကျော်ဝင်ရောက်တဲ့အတွက် ထပ်မံပြီး သစ်သားနှစ်ချောင်း သုံးချောင်းထပ်မံမြှင့်ပြီး သံဆူးကြိုးများဖြင့် ထပ်မံကာရံခဲ့တယ်။ အနောက်ဘက်ခြမ်းအဝင်ပေါက်နဲ့ တံတားအလယ်မှာ တက်လို့ရတဲ့ လှေခါးရယ်၊ တံတားအနောက်ဘက်ခြမ်း ကျီးဖြူဇရပ်နားက တွယ်တက်လို့ရတဲ့ သစ်ပင်ကိုလည်း သံဆူးကြိုးများ ကာရံခဲ့ခြင်းဖြစ်ပါတယ်” ဟု တောင်မင်းကြီး ဂေါပကဥက္ကဋ္ဌ ဦးသန်းမြင့်က ပြောသည်။

 

ဦးပိန်တံတားနှင့် ၎င်းပတ်ဝန်းကျင်ရှိ ဆိုင်ခန်းများကို ကိုဗစ်-၁၉ ကြောင့် ဇွန် ၁၅ ရက်အထိ ယာယီပိတ်ထားခဲ့ကြောင်း သိရပြီး အဆိုပါအချိန်ထိ တံတားပေါ်သို့ တက်ရောက်ဖြတ်သန်းမှုများ ထပ်မံမဖြစ်ပွားစေရန် သံဆူးကြိုးများဖြင့် ထပ်ပိုးကာရံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)