ရေဦး  ၇   ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်၌ ဇွန်ပထမပတ်အတွင်း မိုးကြိုးဘေးကြောင့် သေဆုံးသူ သုံးဦးနှင့် ဒဏ်ရာရရှိသူ ငါးဦးရှိခဲ့ရာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီတို့၏  ထောက်ပံ့မှုများအပြင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လည်းထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။         

 

ထောက်ပံ့ငွေများပေးနိုင်‌‌ရေးအတွက် လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ဦးသန်းညွန့်၀င်းနှင့်ဇနီး ဒေါ်ချိုချိုတို့နှင့်အတူ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းသိန်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် ယမန်နေ့က  မုံတိုင်ပင်စံပြကျေးရွာအုပ်စု ဇီးကန်၊ အင်းကြီးကျေးရွာမှ  မိုးကြိုးဘေးသင့်  မိသားစုနှင့်  ဒဏ်ရာရရှိသူများ  နေထိုင်ရာကျေးရွာသို့ ထောက်ပံ့ငွေများ  သွားရောက်ပေးအပ်ခဲ့သည်။

 

ရှေးဦးစွာ ၀န်ကြီးက မိုးကြိုးဘေး‌ကြောင့် သေဆုံးသွားခဲ့သူ သားအမိနှစ်၏ မိသားစု၀င်ဖြစ်သော ကျန်ရစ်သူမိသားစု၀င်များအား နှစ်သိမ့်အားပေးစကားများ ပြောကြားခဲ့သည်။ ဆက်လက်၍ ၀န်ကြီးက   တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံသည့် ငွေကျပ် ၉ သိန်းကို  မိုးကြိုးဘေးသင့် သေဆုံးခဲ့သူ သုံးဦးအတွက် တစ်ဦးလျှင် ငွေကျပ်သုံးသိန်းနှုန်းဖြင့်  ကျန်ရစ်သူမိသားစု၀င်များထံ  ပေးအပ်ခဲ့သည်။

 

ထို့ပြင်၀န်ကြီးနှင့်ဇနီး ဒေါ်ချိုချို မိသားစုမှ ဒဏ်ရာရရှိခဲ့သူငါးဦးအား  တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းစီကို သီးခြားထောက်ပံ့ပေးခဲ့သည်။

 

ထို့နောက်၀န်ကြီးက ဒေသခံများအား မိုးရာသီကာလမှာ   မိုးထစ်ချုန်းခြင်း၊   လျှပ်စီးလက်ခြင်း၊  မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်လျက်ရှိ၍ လက်ကိုင်ဖုန်း၊ ရေဒီယိုဖွင့်ခြင်း မပြုလုပ်ကြရန်နှင့်  လျှပ်စစ်မီးခလုတ်များ ပိတ်ထားကြရန်၊ ထို့ပြင်   လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာချက်များကိုလည်း လိုက်နာဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သန်းထိုက် (ရေဦး)